သိပ္ပံကိုဘာလို့လေ့လာမလဲ (or) ကျွန်ုပ်တို့ဘာလို့လေ့လာနေကြတာလဲ
27 April 2018
philosophyကျွန်တော်တို့ ကျောင်းမှာစာသင်တာပဲဖြစ်ဖြစ်၊ ကိုယ့်ဘာသာလေ့လာတာပဲဖြစ်ဖြစ် တစ်ချိန်ချိန်မှာမေးတတ်ကြတဲ့ မေးခွန်းတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ငါတို့ဘာလို့ဒီစာတွေကိုလေ့လာနေရတာလဲဆိုတာပါ။ ဆိုလိုတာကတော့ ဒီစာတွေကိုဘယ်မှာအသုံးချဖို့ လေ့လာနေရတာလဲပေါ့။ ဒီမေးခွန်းရဲ့တိုက်ရိုက်အဖြေကတော့ လေ့လာနေတဲ့စာနဲ့သက်ဆိုင်ပါတယ်။ ဒီစာကိုလက်တွေ့အသုံးချတဲ့နေရာတွေ (ဥပမာ အိမ်တို့၊ တံတားတို့ဆောက်တာ၊ ဒါမှမဟုတ် ရောဂါရှာဖွေတာတွေ) ကို ညွှန်ပြပြီး ဒီနေရာတွေမှာသုံးတယ်လို့ ပြောလို့ရပါတယ်။ စာအတော်များများအတွက် ဒီလိုအဖြေတွေကလည်း ရှိနေမှာပါ။ လေ့လာသူက ဒီနယ်ပယ်တွေကို စိတ်ဝင်စားတယ်၊ ဒါမှမဟုတ်ဒီနယ်ပယ်တွေမှာ အသက်မွေးဝမ်းကျောင်းပြုဖို့အစီအစဉ်ရှိတယ်ဆိုရင် ဒီအဖြေမျိုးက ကျေနပ်ဖွယ်ရာကောင်းပါတယ်။ ဒါပေမယ့်တစ်ချို့စာတွေ (ဒါမှမဟုတ် အများစုစာတွေ)က လေ့လာသူရဲ့ အသက်မွေးဝမ်းကျောင်းပြုမယ့် အလုပ်နဲ့မသက်ဆိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေမှာ အဲ့ဒီ့မေးခွန်းရဲ့ ဒုတိယအဖြေက အရေးပါလာပါပြီ။ ဒီအဖြေကိုပြောဖို့ လေ့လာနေတဲ့စာက သိပ္ပံနဲ့သက်ဆိုင်တဲ့ဘာသာရပ်လို့ ယူဆကြည့်ပါမယ်။ တစ်ချို့ (ဒါမှမဟုတ် အများစု) ကျောင်းသားတွေရဲ့အမြင်မှာ စာကသပ်သပ်၊ အပြင်လောက က သပ်သပ်ဖြစ်နေပါတယ်။ ဒါပေမယ့်သိပ္ပံပညာက သဘာဝတရားကိုလေ့လာတဲ့ ပညာရပ်ဖြစ်တဲ့အတွက် သူ့ရဲ့ဖွင့်ဆိုချက်တွေအားလုံးက သဘာဝတရားကို ကိုယ်စားပြုတယ်ဆိုတာကို လုံးဝမမေ့ဖို့လိုပါတယ်။ သိပ္ပံပညာကိုလေ့လာတာက သဘာဝဖြစ်စဉ်တွေ ဘယ်လိုဆက်နွယ်နေလဲဆိုတာ လေ့လာတာဖြစ်ပြီး သီအိုရီတွေက သဘာဝရဲ့စည်းချက်တွေကို ဖော်ထုတ်ပေးတဲ့ကိရိယာတွေပဲဖြစ်ပါတယ်။ တကယ်လို့ ဒီသိပ္ပံပညာရပ်တွေက လေ့လာသူအတွက် ဘယ်နေရာမှာမှ အသုံးမဝင်ဘူးဆိုရင် ဒီပညာတွေကိုလေ့လာဖို့တွန်းအား (motive) က တစ်ခုပဲရှိပါတယ်။
ဒါကတော့ သိချင်စိတ် (curiosity) ပဲဖြစ်ပါတယ်။
အလုပ်နဲ့ဥစ္စာဓနလိုအပ်ချက်တွေ ကင်းကွာသွားချိန်မှာတော့ သိချင်စိတ်ကသာ ပညာရပ်အသစ်တွေကို လေ့လာဖို့တိုက်တွန်းပေးမှာဖြစ်ပါတယ်။ နယူတန်၊ အိုင်းစတိုင်း၊ အွိုင်လာတို့လိုသိပ္ပံနဲ့ သင်္ချာပညာရှင်တွေအတွက် သူတို့ရဲ့လေ့လာမှုတွေကို ဘယ်နေရာမှာအသုံးချမလဲဆိုတဲ့မေးခွန်းက သိပ်အရေးမပါခဲ့ပါဘူး။ သိပ္ပံပညာရှင်တွေက သဘာဝတရားရဲ့ ကကြိုးတွေကို စူးစမ်းလိုမှုသက်သက်နဲ့သာ လေ့လာနေကြတာဖြစ်ပါတယ်။ သိပ္ပံပညာကိုလေ့လာရင် ကိုယ်တည်ရှိတဲ့ကမ္ဘာကြီးနဲ့ စကြာဝဋ္ဌာအကြောင်းကအစ အက်တမ်အောက်အမှုန်တွေအကြောင်းအထိ လေ့လာသူရဲ့သိလိုစိတ်ကို ဖြည့်စွမ်းပေးနိုင်မှာပါ။
ဒီတော့ သိပ္ပံပညာကို စိတ်ဝင်စားသူတစ်ယောက်အနေနဲ့ စူးစမ်းလိုစိတ်နဲ့ စတင်လေ့လာပါလိမ့်မယ်။ ဒါပေမယ့် လေ့လာနေရင်းနဲ့ (စာသင်နေရင်းနဲ့) သိလိုစိတ်တစ်ဖြည်းဖြည်းပျောက်ကွယ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ဖို့ အကြောင်းရင်းအများကြီးရှိပေမယ့် အဓိကကျတဲ့အကြောင်းကတော့ လက်တွေ့လောကနဲ့ ဝေးကွာသွားတာပဲဖြစ်ပါတယ်။ စာတွေကလက်တွေ့နဲ့ဝေးသွားတာတော့မဟုတ်ပါဘူး။ ကျောင်းသားရဲ့အမြင်မှာ စာတွေကပိုရှုပ်ထွေးလာတာပဲ ဖြစ်နိုင်ပါတယ်။ သိလိုစိတ်နည်းလာတာနဲ့အမျှ လေ့လာသူဘက်က မေးခွန်းထုတ်တာလဲ နည်းလာပြီး သိပ္ပံပညာအပေါ် စိတ်ဝင်စားမှုလျော့ကျသွားပါတယ်။ သိလိုစိတ်နည်းလာတာဟာ သင်ကြားမှုနည်းလမ်းရော၊ နားလည်နိုင်စွမ်းရောနဲ့ သက်ဆိုင်ပါတယ်။ တရုတ်စာမတတ်တဲ့သူကို တစ်နာရီလောက်တရုတ်စာတွေ ရွတ်ပြနေမယ်ဆိုရင် ဘယ်သူမဆိုပျင်းရိလာမှာပါပဲ။ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ ပုံပြင်ကိုဖတ်ပြနေရင်တောင်မှ ဘာသာစကားနားမလည်ရင် အလကားပါပဲ။ အဆင့်မြင့်သိပ္ပံပညာကို ဖွဲ့စည်းထားတဲ့ သင်္ချာသင်္ကေတတွေနဲ့ ထုံးတမ်းတွေကို မသိရင်လည်း သိပ္ပံပညာလေ့လာမှုမှာ အနှောင့်အယှက်ဖြစ်တတ်ပါတယ်။ သင်္ချာက သိပ္ပံသီအိုရီတွေကို ရှင်းလင်းသေသပ်အောင်လုပ်ဆောင်ပေးတဲ့ တန်ဆာပလာတစ်ခုပေမယ့် မကျွမ်းကျင်သူအတွက် အတားအဆီးဖြစ်နေတတ်ပါတယ်။ ဒီလိုအခက်အခဲကို ကျော်လွှားဖို့ အခြေခံသင်္ချာကိုလည်း တတ်ကျွမ်းရပါမယ်။ သင်္ချာရဲ့အရေးပါပုံကိုတော့ ဒီနေရာမှာအကျယ်မပြောတော့ပါဘူး။ ဒါပေမယ့်သင်္ချာပညာရှင်တွေကို သူတို့ရဲ့ဥပဒေသတွေက ဘယ်နေရာမှာအသုံးဝင်လဲလို့ သွားမမေးပါနဲ့။ လုပ်သက်ရင့်တဲ့သင်္ချာပညာရှင်ဆိုရင် မင်းကိုရယ်ပါလိမ့်မယ်။ လုပ်သက်နုတဲ့သူဆို မင်းကိုစိတ်ဆိုးပါလိမ့်မယ်။ စိတ်ဝင်စားမှုကို ပြန်မြှင့်တင်ဖို့အတွက်ကတော့ ဆရာ၊ အင်တာနက်၊ စာအုပ်ကောင်း တစ်ခုခုတော့ လိုအပ်ပါလိမ့်မယ်။
အချုပ်ပြောရရင် ပညာရပ်ကို သိလိုစိတ်နဲ့လေ့လာတာကသာ အကောင်းဆုံးဖြစ်ပြီး အသုံးချတာက ဒုတိယအနေနဲ့ မှတ်သားသင့်ကြောင်း အကြံပြုလိုက်ရပါတယ်။
Reference: Demon haunted world, Carl Sagan
I don't know what I may seem to the world, but as to myself, I seem to have been only like a boy playing on the sea-shore and diverting myself in now and then finding a smoother pebble or a prettier shell than ordinary, whilst the great ocean of truth lay all undiscovered before me.
~Issac Newton