HomeTags
About

The Demon-Haunted World (Carl Sagan) - The Most Precious Thing

2 June 2024

philosophy of scienceskepticismtranslationcarl sagan

ကျွန်ုပ်တို့သိပ္ပံအားလုံးဟာ အရှိတရားနဲ့တိုင်းတာလိုက်ရင် အခြေခံအဆင့်လောက်ပဲရှိပြီး ကလေးဆန်တယ်၊ ဒါပေမယ့် ဒါကကျွန်ုပ်တို့ပိုင်ဆိုင်ထားတဲ့ထဲမှာ တန်ဖိုးထားဖို့အကောင်းဆုံးအရာပဲ။

Albert Einstein (1879-1955)

တန်ဖိုးထားဖို့အကောင်းဆုံးအရာ

ကျွန်တော်လေယာဉ်ပေါ်ကဆင်းတော့ သူကကျွန်တော့်နာမည်ရေးထားတဲ့ ကတ္ထုစက္ကူပြားလေးကိုကိုင်ပြီး စောင့်နေတယ်။ စီးပွားဖြစ်ရုပ်မြင်သံကြားပေါ်မှာ သိပ္ပံတင်ပြချက်တွေကို တိုးတက်အောင်လုပ်ဖို့နည်းလမ်းတွေကို (မျှော်လင့်ချက်မရှိသယောင်ထင်ရပေမယ့်လည်း) သိပ္ပံပညာရှင်တွေနဲ့ တီဗွီထုတ်လွှင့်သူတွေဆွေးနွေးကြမယ့် စာတမ်းဖတ်ပွဲတစ်ခုကိုသွားနေတာ။ သဘောကောင်းတဲ့ ပွဲစီစဉ်သူတွေက ကားဒရိုင်ဘာတစ်ယောက်လွှတ်လိုက်တယ်။

"စိတ်မရှိပါနဲ့၊ တစ်ခုလောက်မေးလို့ရမလား" ကျွန်တော့်အိတ်ကိုစောင့်နေရင်း သူကမေးတယ်။

"ရပါတယ်"

"အဲ့ဒီ့သိပ္ပံပညာရှင်ဘဲကြီးနဲ့ နာမည်တူဖြစ်နေတာ စိတ်ရှုပ်စရာမကောင်းဘူးလား"

ကျွန်တော်နားလည်ဖို့ အချိန်ခဏယူလိုက်ရတယ်။ ဒီကောင်လာနောက်နေတာလား။ နောက်ဆုံးတော့ကျွန်တော်သဘောပေါက်လိုက်ပါတယ်။

"ငါကအဲ့ဒီ့သိပ္ပံပညာရှင်ဆိုတဲ့သူပဲ" ကျွန်တော်ပြန်ပြောလိုက်တယ်။

သူခဏငြိမ်သွားပြီးတော့ ပြုံးလိုက်တယ်။ "ဆောရီးပါဗျာ၊ ဒါကျွန်တော့်ပြဿနာမို့လို့ ခင်ဗျားလည်းအတူတူပဲလားလို့"

သူကသူ့လက်ကိုဆန့်ပေးတယ်၊ "ကျွန်တော့်နာမည်က William F. Buckley" (အင်း.. အတိအကျ William F. Buckley တော့မဟုတ်ဘူး။ ဒါပေမယ့် တီဗွီမှာပွဲဆူပြီးနာမည်ကြီးတဲ့ အင်တာဗျူးသူတစ်ယောက်နဲ့နာမည်ဆင်တယ်)။

အဝေးကြီးမောင်းရမယ့် ကားပေါ်ကိုတက်ထိုင်ပြီးတော့ ကားမှန်ရေသုတ်တံရဲ့ တဗျတ်ဗျတ်ကြားမှာ သူကပြောတယ်။ ကျွန်တော် "သိပ္ပံပညာရှင်ဘဲကြီး" ဖြစ်နေတာ သူသဘောကျပါတယ်။ သူ့မှာသိပ္ပံအကြောင်းမေးစရာမေးခွန်းတွေ အများကြီးရှိတယ်၊ မေးလို့ရမလားတဲ့။

"ရပါတယ်"

ဒီလိုတဲ့ကျွန်တော်တို့စကားပြောဖြစ်ကြတယ်။ ဒါပေမယ့်ထွက်လာတာက သိပ္ပံအကြောင်းတော့မဟုတ်ပေဘူး။ သူပြောချင်တာက ဆန်အန်တိုနီရိုနားမှာရှိတဲ့ လေတပ်အခြေစိုက်စခန်းထဲမှာ ချုပ်နှာင်ပြီးအေးခဲထားတဲ့ ဂြိုလ်သားတွေအကြောင်း၊ "စိတ်လမ်းကြောင်းဖောက်ခြင်း" (သေလူတွေရဲ့ စိတ်ထဲမှာဘာတွေတွေးနေလဲဆိုတာ ကြားနိုင်တဲ့နည်းလမ်း၊ တွေးနေတာသိပ်မရှိဘူးဆိုပဲ)၊ ခရစ်စတယ်တွေ၊ Nostradamusရဲ့ ရှေ့ဖြစ်ဟောကိန်းတွေ၊ ဗေဒင်နက္ခတ်၊ Turinရဲ့ခြုံထည် စတာတွေ။ အတိတ်နိမိတ်ခေါင်းစဉ်တစ်ခုချင်းစီအကြောင်းကို အာပေါင်အာရင်းသန်သန် ပြောပြနေတယ်။ အကြိမ်တိုင်းမှာ ကျွန်တော်သူ့ကို ဆွဲဆွဲချရတယ်။

"သက်သေကသိပ်ပုံမလာဘူး" ကျွန်တော်ဒါကိုပဲပြောနေခဲ့တယ်။ "အများကြီးပိုရိုးရှင်းတဲ့ ရှင်းလင်းချက်ရှိတယ်"။

သူကအတန်သင့် စာတော့ကောင်းကောင်းဖတ်ထားတယ်။ ဆိုပါတော့၊ "ရေအောက်မြုပ်နေတဲ့တိုက်တွေ"ဖြစ်တဲ့ အတ္တလန်တစ်နဲ့ လစ်မျောရီယာရဲ့ ပါးစပ်ရာဇဝင်တွေရဲ့ အနည်းငယ်ကွာခြားပုံတွေကို သူသိတယ်။ ဘယ်လိုရေအောက်ရှာဖွေရေးသုတေသနတွေက တချိန်တုန်းကကြီးကျယ်ခမ်းနားတဲ့ လူ့အဖွဲ့အစည်းတစ်ခုရဲ့ ကြွင်းကျန်ရစ်တဲ့၊ အခုတော့ရေနက်မှာနေတဲ့ အလင်းရောင်လွှတ်ငါးတွေနဲ့ ရေမှော်သတ္တဝါတွေကျက်စားရာဖြစ်သွားတဲ့ တိုင်လုံးအကျိုးအပျက်တွေကိုရှာနေတယ်ဆိုတာ သူသိတယ်။ သို့ပေမယ့် သမုဒ္ဒရာမှာလျှို့ဝှက်ချက်တွေအများကြီးရှိပေမယ့် အတ္တလန်တစ်နဲ့ လစ်မျောရီယာတို့ရှိခဲ့ကြောင်း အထောက်အပံ့ဖြစ်နိုင်တဲ့ သမုဒ္ဒရာဆိုင်ရာ၊ ပထဝီဗေဒဆိုင်ရာအစအနတစ်ခုတောင်မရှိဘူးဆိုတာ ကျွန်တော်သိတယ်။ သိပ္ပံရှုထောင့်အရပြောရင် သူတို့ဘယ်တုန်းကမှမတည်ရှိခဲ့ဘူး။ ဒီအချိန်မှာတော့ သူ့ကိုဒီလိုပဲ အတန်ငယ်တုန့်တုန့်ဆိုင်းဆိုင်းနဲ့ပြောပြလိုက်တယ်။

မိုးရွာထဲမောင်းနေရင်း သူတဖြည်းဖြည်း မှုန်သုန်သုန်ဖြစ်လာတာတွေ့ရတယ်။ ကျွန်တော်က သူ့ယုံကြည်ချက်အလွဲ တစ်ခုနှစ်ခုလောက်ကိုငြင်းငယ်နေတာမဟုတ်၊ သူ့အတွင်းဘဝရဲ့ အရေးပါတဲ့မျက်နှာစာတစ်ခုကို ပယ်ချနေတာဖြစ်နေတယ်။

ဒါပေမယ့် သိပ္ပံအစစ်မှာလည်း အလားတူစိတ်လှုပ်ရှားစရာကောင်းပြီး ပဟေဠိဆန်တဲ့၊ ဖြေရှင်းဖို့ဉာဏ်ပညာပိုပြီးလိုအပ်တဲ့၊ တချိန်တည်းမှာ အမှန်တရားနဲ့ပိုပြီးနီးစပ်တဲ့အရာတွေ အများကြီးရှိတယ်။ ကြယ်တွေကြားထဲက အေးစက်ပြီးမှိန်ဖျော့တဲ့ ဓာတ်ငွေ့မှုန်တွေထဲမှာ သက်ရှိတစ်ခုတည်ဆောက်ဖို့ အစိတ်အပိုင်းတွေရှိတယ်ဆိုတာ သူသိရဲ့လား။ နှစ်လေးသန်းရှိတဲ့ မီးတောင်ပြာထဲမှာ ကျွန်တော်တို့ဘိုးဘေးတွေရဲ့ခြေရာတွေတွေ့တယ်ဆိုတာ သူကြားဖူးရဲ့လား။ အိန္ဒိယတိုက်နဲ့ အာရှတိုက် တိုက်မိတုန်းက ဟိမဝန္တာတောင်တန်းကြီး မြင့်တက်ပေါ်ပေါက်လာတယ်ဆိုတာကိုရော။ ဒါမှမဟုတ် အရေပြားအောက်ကိုထိုးသွင်းတဲ့ဆေးထိုးအပ်တွေလိုမျိုး တည်ဆောက်ထားတဲ့ ဗိုင်းရပ်စ်ပိုးတွေက ဝင်မယ့်သတ္တဝါရဲ့ခုခံမှုစနစ်တွေကိုကျော်လွှားပြီး သူတို့ DNA ကိုထည့်ပြီးတော့ ဆဲလ်တွေရဲ့မျိုးပွားမှုဖြစ်စဉ်ကို ဖျက်စီးတယ်ဆိုတာရော၊ ဒါမှမဟုတ် ကမ္ဘာ့အပြင်ဘက်က ဉာဏ်ရည်မြင့်သက်ရှိတွေကို ရေဒီယိုလှိုင်းတွေနဲ့ရှာနေတာရော၊ ဒါမှမဟုတ် Ebla ကိုကြော်ငြာတဲ့ အသစ်ရှာတွေ့ထားတဲ့ ရှေးဟောင်း Ebla လူမျိုးစုအကြောင်းရော။ သူမကြားဖူးဘူးလေ။ ကွမ်တမ်ဝေဝါးမှုအကြောင်း စိုးစမ်းမျှတောင်မသိ၊ DNA ဆိုတာ သုံးလုံးတွဲတွေ့ရလေ့ရှိတဲ့အက္ခရာသုံးခုလို့ပဲ သူမှတ်မိတယ်။

Mr. "Buckley"လို စကားပြောကောင်း၊ ထက်မြက်၊ သိလိုစိတ်ရှိတဲ့သူတစ်ယောက်က ခေတ်သစ်သိပ္ပံနဲ့ပတ်သက်ပြီး ကြားဖူးတာမရှိသလောက်ပဲ။ သူက စကြဝဠာကြီးရဲ့ အံ့သြစရာတွေကို အာသီသရှိတယ်။ သူကသိပ္ပံအကြောင်းကို သိဖို့ဆန္ဒရှိတယ်။ သိပ္ပံအကုန်လုံးက သူ့ဆီကိုမရောက်ခင်မှာ စစ်ချခံလိုက်ရတာသက်သက်ကြောင့်ပဲ။ ကျွန်တော်တို့ယဉ်ကျေးမှုထုံးတမ်းတွေ၊ ပညာရေးစနစ်၊ ဆက်သွယ်ပေးတဲ့မီဒီယာတွေက ဒီလူ့ကိုရိုက်ချလိုက်တာပဲ။ ဒီလူ့အဖွဲ့အစည်းက ဖြတ်သန်းခွင့်ပြုလိုက်တဲ့ဟာတွေက အဓိကအားဖြင့် ဟန်ဆောင်မှုနဲ့ဝေဝါးမှုတွေပဲ။ သူတို့က တကယ့်သိပ္ပံအစစ်နဲ့ ပေါပေါပဲပဲဆင်တူရိုးမှားတွေကို ဘယ်လိုခွဲရမလဲဆိုတာ သူ့ကိုသင်မပေးထားခဲ့ဘူး။ သိပ္ပံဘယ်လိုအလုပ်လုပ်သလဲဆိုတာ သူလုံးဝမသိဘူး။

အတ္တလန်တစ်သမုဒ္ဒရာထဲမှာ (ဒါမှမဟုတ်တစ်နေရာရာမှာ၊ စာအုပ်သစ်တစ်အုပ်က အန္တာတိကမှာရှိတယ်ပြောတယ်) နှစ်ပေါင်း ၁၀,၀၀၀ လောက်ကရှိခဲ့တယ်လို့ပြောကြတဲ့ ဒဏ္ဏာရီလာအတ္တလန်တစ်တိုက်အကြောင်း စာအုပ်တွေရာနဲ့ချီပြီးရှိတယ်။ ဒီပုံပြင်က ပလေတိုခေတ်မှာတည်းကရှိခဲ့တာ၊ သူကသူ့ရှေးခေတ်ကလာတဲ့ ပါးစပ်ရာဇဝင်အဖြစ် ညွှန်းဆိုခဲ့တယ်။ သိပ်မကြာခင်ကထွက်ထားတဲ့စာအုပ်တွေက အတ္တလန်တစ်သားတွေရဲ့ မြင့်မားတဲ့နည်းပညာအဆင့်၊ အကျင့်စာရိတ္တနဲ့စိတ်စွမ်းအား၊ ပြီးတော့လူတွေနေတဲ့ တိုက်ကြီးတစ်တိုက်လုံး ရေလှိုင်းတွေအောက်မြုပ်သွားရတဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာအဖြစ်အပျက်ကို ခိုင်ခိုင်မာမာဖော်ပြထားတယ်။ "ခေတ်သစ်" အတ္တလန်တစ် ဆိုတာလည်းရှိသေးတယ်၊ "အဆင့်မြင့်သိပ္ပံတွေရှိတဲ့ ဒဏ္ဏာရီလူ့အဖွဲ့အစည်း"ဆိုပြီးတော့ ပုံဆောင်ခဲတွေရဲ့ "သိပ္ပံ"ကို ကိုးကွယ်ဆည်းကပ်ကြတာ။ Katrina Raphaell ရဲ့ ပုံဆောင်ခဲဉာဏ်အလင်းပွင့်ခြင်း ဆိုတဲ့စာအုပ်သုံးတွဲ (အမေရိကားမှာ ပုံဆောင်ခဲခေတ်ထနေတာအတွက် အဓိကတာဝန်ရှိတဲ့စာအုပ်တွေ) မှာဆိုရင် အတ္တလန်တစ်ကပုံဆောင်ခဲတွေက စိတ်တွေကိုဖတ်နိုင်တယ်၊ အတွေးတွေကိုထုတ်လွှင့်နိုင်တယ်၊ ရှေးဟောင်းသမိုင်းတွေသိမ်းဆည်းထားတယ်၊ အီဂျစ်ပိရမစ်တွေရဲ့ ရင်းမြစ်နဲ့ပုံစံယူထားတယ် လို့ဆိုတယ်။ ဒီလိုအခိုင်အမာပြောနေတာတွေကို ထောက်ပံ့ပေးတဲ့ သက်သေနဲ့ဆင်တာဆိုလို့ တစ်ခုမှမပါဘူး (တလောက ကမ္ဘာ့အလယ်အူတိုင်ကို တစ်ခုတည်းသော ပြီးပြည့်စုံလုနီးပါး သံသတ္တု ပုံဆောင်ခဲအကြီးကြီးနဲ့ ဖွဲ့စည်းထားတာဖြစ်နိုင်တယ်ဆိုတဲ့ တကယ့်မြေငလျင်ဗေဒသိပ္ပံတွေ့ရှိချက်ကနေ ပုံဆောင်ခဲအရူးတွေထပ်ထွက်လာနိုင်သေးတယ်)။

တချို့စာအုပ်တွေ၊ ဥပမာ Dorothy Vitaliano ရဲ့ ကမ္ဘာ့ဒဏ္ဍာရီများ ဆိုတဲ့စာအုပ်မှာ မူလအတ္တလန်တစ်ဒဏ္ဍာရီတွေကို သက်သက်ညှာညှာဇာတ်ကြောင်းကောက်ထားတယ်။ မြေထဲပင်လယ်ထဲက ကျွန်းသေးလေးတစ်ကျွန်းဖြစ်ပြီး မီးတောင်ပေါက်ကွဲလို့ပျက်စီးသွားတယ်၊ ဒါမှမဟုတ် ငလျင်ကြောင့် ခါရင်းကျွန်းဆွယ်ထဲ တိုးဝင်သွားတဲ့ ရှေးဟောင်းမြို့တစ်မြို့လို့ စဉ်းစားထားတယ်။ ဒါက ကျွန်တော်တို့သိရသလောက် ဒဏ္ဍာရီတွေရဲ့ရင်းမြစ်ဖြစ်ကောင်းဖြစ်မယ်၊ ဒါပေမယ့်ဒါက သဘာဝလွန်အဆင့်မြင့်လျှို့ဝှက်နက်နဲတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ရှိခဲ့ပြီး ပျက်စီးသွားတဲ့တိုက်ကြီးတစ်တိုက် ဆိုတာနဲ့တော့အဝေးကြီးပဲ။

ပြည်သူ့စာကြည့်တိုက်တွေ၊ သတင်းစာမဂ္ဂဇင်းစင်တွေနဲ့ အချိန်ကောင်းတီဗွီအစီအစဉ်တွေမှာ အလွန်တွေ့ရခဲတဲ့သက်သေတွေက ပင်လယ်ရေမျက်နှာပြင်ပြန့်ကျဲခြင်းနဲ့ တိုက်ကျောက်သားရွေ့လျားမှု၊ ပြီးတော့ပင်လယ်ရေမျက်နှာပြင်ပုံတွေက အဲ့ဒီ့အချိန်ပိုင်းအတွင်းမှာ အမေရိကတိုက်နဲ့ ဥရောပတိုက်ကြားမှာ တိုက်ကြီးတစ်တိုက်မရှိနိုင်ဘူးဆိုတာ မမှားနိုင်အောင်ပြနေတယ်ဆိုတာပဲ။

အယုံလွယ်တဲ့သူတွေကိုဖမ်းစားတဲ့ မှန်သယောင်ယောင်ပြောဆိုချက်တွေက လွယ်လွယ်နဲ့တွေ့နိုင်တယ်။ တော်ရုံရှာမတွေ့နိုင်တာက သံသယနဲ့ဆန်းစစ်မှုတွေပဲ။ သံသယစိတ်က ရောင်းတန်းမဝင်ဘူး။ ထက်မြက်ပြီးသိလိုစိတ်ရှိတဲ့သူတစ်ယောက်က အတ္တလန်တစ်လိုမျိုးဟာကိုရှင်းပြနိုင်ဖို့ ခေတ်ရေစီးကြောင်းကိုပဲ မီခိုနေရင်တော့ မျှမျှတတဝေဖန်ဝိုင်းခြားထားတာကိုတွေ့ရဖို့ထက် လွယ်လွယ်ပြောနေတဲ့ပုံပြင်တွေကိုတွေ့ရဖို့က အဆ ရာပေါင်း ထောင်ပေါင်းပိုများတယ်။

မစ္စတာ Buckley က အများကြိုက်ခေတ်ရေစီးကြောင်းကနေ ဖြန့်ပေးနေတာတွေကို ပိုပြီးချင့်ယုံဖို့လိုကောင်းလိုလိမ့်မယ်။ ဒါကလွဲပြီး ဒါကိုသူ့အပြစ်လို့ပြောဖို့ခက်တယ်။ သူက များများနဲ့လွယ်လွယ်တွေ့နိုင်တဲ့ အမှန်လုပ်ပြီးပြောကြတဲ့ အချက်အလက်ကို လက်ခံလိုက်မိရုံသာပဲ။ သူ့ရဲ့ရိုးဖြောင့်မှုအတွက်ရလိုက်တာက စနစ်တကျလမ်းလွှဲခံရမှုနဲ့ အရူးလုပ်ခံရမှုတို့ပဲ။

သိပ္ပံက အံ့သြဘနန်းနဲ့သိချင်စိတ်ကို ဖြစ်ပေါ်စေတယ်။ ဒါပေမယ့် ဒါကိုဖြစ်စေတာက သိပ္ပံယောင်ရောပဲ။ ပြတ်တောင်းပြတ်တောင်းနဲ့ သိပ်မကောင်းတဲ့သိပ္ပံတင်ဆက်မှုတွေက စီးပွားဖြစ်ဈေးကွက်ကို လစ်ဟာစေပြီး အဲ့ဒီ့ကွက်လပ်ကို သိပ္ပံယောင်တွေက ချက်ခြင်းဖြည့်ပေးနိုင်တယ်။ အမှန်တရားလို့ပြောဆိုချက်တွေကို လက်သင့်မခံခင် လုံလောက်တဲ့သက်သေရှိဖို့လိုတယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့်လက်ခံကြရင် သိပ္ပံယောင်အတွက်နေရာရှိမှာမဟုတ်ဘူး။ ဒါပေမယ့် Gresham ဥပဒေဿလိုမျိုးက အများကြိုက်ရေစီးကြောင်းမှာ ထွန်းကားနေတော့ သိပ္ပံဆိုးတွေက သိပ္ပံကောင်းတွေကိုမောင်းထုတ်လိုက်တယ်။

ကမ္ဘာတစ်ဝန်းလုံးမှာ တော်တဲ့တတ်တဲ့၊ ပါရမီပါတဲ့ သိပ္ပံကိုရူးသွပ်ကြသူတွေ တပုံကြီးရှိတယ်။ ဒါပေမယ့်အဲ့ဒီ့ရူးသွပ်မှုကနေ ဘာမှပြန်မရဘူး။ စစ်တမ်းတွေကိုကြည့်ရင် အမေရိကန်တွေရဲ့ ၉၅ ရာခိုင်နှုန်းလောက်က "သိပ္ပံစာမတတ်" ဘူးလို့ညွှန်ပြနေတယ်။ ဒါက ပြည်တွင်းစစ်မတိုင်ခင်တုန်းက− ကျွန်တွေကိုစာဖတ်သင်ပေးတဲ့သူတိုင်းကို ဆိုးဝါးတဲ့ပြစ်ဒဏ်တွေချတဲ့ခေတ်က− အားလုံးနီးပါးကျွန်တွေဖြစ်တဲ့ အာဖရိကန်အမေရိကန်တွေရဲ့ စာမတတ်တဲ့ရာခိုင်နှုန်းနဲ့ အတူတူလောက်ပဲ။ စာမတတ်မြောက်မှုကို ဆုံးဖြတ်တဲ့အခါ သိပ္ပံဖြစ်ဖြစ် ဘာသာစကားဖြစ်ဖြစ် စံနှုန်းမတူတာတချို့တော့ရှိမယ်။ ဒါပေမယ့် ၉၅ ရာခိုင်နှုန်းလောက် စာမတတ်ဘူးဆိုတာက အလွန်အမင်းစိုးရိမ်စရာကောင်းတယ်။

မျိုးဆက်တိုင်းက ပညာရေးစံနှုန်းတွေ နိမ့်ကျလာနေတာကို စိတ်ပူကြတယ်။ ဆူမာက နှစ်ပေါင်း ၄၀၀၀ လောက်သက်တမ်းရှိတဲ့ လူ့သမိုင်းမှာသက်တမ်းအရင့်ဆုံး ဆောင်းပါးတိုတွေထဲကတစ်ခုမှာဆိုရင် လူငယ်တွေက သူတို့ရှေ့မျိုးဆက်ထက် မသိနားမလည်တာတွေ ဆိုးဆိုးဝါးဝါးများနေတယ်ဆိုပြီး ငြီးတွားထားတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင့်လေးရာတုန်းက အသက်ရလာပြီးစိတ်ဆတ်တဲ့ Plato က ဥပဒေများ ရဲ့ နံပါတ် ၇ စာအုပ်မှာ သိပ္ပံစာမတတ်ခြင်းကို အဓိပ္ပာယ်ဖွင့်ထားတယ်:

တစ်၊ နှစ်၊ သုံး မရေတွက်နိုင်သူ၊ ဒါမှမဟုတ် စုံကိန်းနဲ့ မကိန်းကို မခွဲခြားနိုင်သူ၊ ဒါမှမဟုတ် လုံးဝမရေတွက်နိုင်သူ၊ နေ့နဲ့ညကိုမတွက်ချက်နိုင်သူ၊ နေနဲ့လရယ် တခြားကြယ်တွေရဲ့ လှည့်ပတ်မှုကိုလုံးဝမထိတွေ့ဘူးသူ... ငါ့စိတ်အတိုင်းဆို လွတ်လပ်တဲ့သူတိုင်းက ဒီစာပေအသိပညာ ကိုင်းခွဲတွေကို လေ့လာသင့်တယ်၊ အီဂျစ်ကကလေးတိုင်းကို အက္ခရာသင်တဲ့အခါထည့်သင်သလိုမျိုးပေါ့။ အဲ့ဒီ့တိုင်းပြည်မှာ ကလေးတွေအပျော်ဆော့ဖို့ ဂဏန်းတွက်ဂိမ်းတွေတောင်ထွင်ထားတယ်... ငါ...အချိန်နောက်ကျမှ ငါတို့ဒီလိုနေရာတွေမှာ ဟာကွက်ဖြစ်နေတာကို တအံ့တသြကြားခဲ့ရတယ်။ ငါတို့က လူတွေထက် ဝက်တွေနဲ့ပိုတူနေတယ်ထင်မိတယ်၊ ငါ့ကိုယ်ငါတောင်မက ဂရိတွေအားလုံးအစား ငါရှက်တယ်။

ရှေးဟောင်းအေသင်သားတွေ သိပ္ပံနဲ့သင်္ချာကိုဘယ်လောက်အထိ မျက်ကွယ်ပြုလိုက်လို့ နိမ့်ကျပျက်ဆီးသွားတာလဲဆိုတာ ကျွန်တော်မသိဘူး၊ ဒါပေမယ့် သိပ္ပံစာမတတ်တာရဲ့ အကျိုးဆက်တွေက ရှေ့ခေတ်တွေထက် ကျွန်တော်တို့ခေတ်မှာ အများကြီးပိုပြီးအန္တရာယ်များတယ်ဆိုတာ ကျွန်တော်သိတယ်။ ဆိုပါတော့ ပျမ်းမျှနိုင်ငံသားတစ်ယောက်က ကမ္ဘာကြီးပူနွေးလာမှု၊ အိုဇုန်းလွှာပါးလွှာမှု၊ လေထုညစ်ညမ်းမှု၊ အဆိပ်သင့် ရေဒီယိုသတ္တိကြွ အကြွင်းအကျန်၊ အက်ဆစ်မိုး၊ မြေဆီလွှာတိုက်စားမှု၊ မုတ်သုန်တောပျက်စီးမှု၊ လူဦးရေအရှိန်အဟုန်မြင့်တိုးပွားလာမှု တွေအကြောင်း မသိပဲနေတာက ရူးမိုက်ပြီးအန္တရာယ်ရှိလွန်းတယ်။ အလုပ်နဲ့လုပ်အားခတွေက သိပ္ပံနဲ့နည်းပညာပေါ်မှာ မူတည်နေတယ်။ ကျွန်တော်တို့နိုင်ငံမှာ အရည်အသွေးမြင့်ပြီး ဈေးသင့်တဲ့၊ လူတွေဝယ်ယူချင်တဲ့ ထုတ်ကုန်တွေကို မထုတ်လုပ်နိုင်ဘူးဆိုရင် စက်ရုံတွေပေါက်ရောက်မှုက တဖြည်းဖြည်း ကမ္ဘာ့တခြားနေရာတွေကိုရွှေ့သွားလိမ့်မယ်။ နျူကလီးယားကွဲခြင်း၊ ပေါင်းခြင်းကနေ လျှပ်စစ်ထုတ်တာ၊ စူပါကွန်ပျူတာ၊ ဒေတာမြန်နှုန်းမြင့်"လမ်းမကြီး"တွေ၊ ကိုယ်ဝန်ဖျက်ချမှု၊ ရေဒွန်၊ ဗျူဟာမြောက်လက်နက်တွေ မြောက်များစွာလျှော့ချမှု၊ ဆေးစွဲမှု၊ နိုင်ငံသားတွေကို အစိုးရရဲ့လျှို့ဝှက်ထောက်လှမ်းမှု၊ ရုပ်ထွက်ကောင်းတီဗွီ၊ လေကြောင်းလိုင်းနဲ့လေဆိပ်လုံခြုံရေး၊ သန္ဓေသားလောင်းတစ်ရှူးအစားထိုးခြင်း၊ ကျန်းမာရေးကုန်ကျစရိတ်၊ အစားအစာဖြည့်စွက်ပစ္စည်း၊ စိတ်ရောဂါ (သို့) စိတ်ကျရောဂါ (သို့) စိတ်ကစင့်ကလျားရောဂါတွေကို သက်သာစေမယ့်ဆေးတွေ၊ တိရိစ္ဆာန်အခွင့်အရေး၊ အထူးလျှပ်ကူးခြင်း၊ မနက်သောက်လို့ရတဲ့တားဆေး၊ မျိုးရိုးလိုက်တာလို့ယူဆကြတဲ့ ဆိုးမိုက်မှု၊ အာကာသစခန်းတွေ၊ အင်္ဂါဂြိုလ်ကိုခရီးသွားခြင်း၊ AIDS နဲ့ ကင်ဆာအတွက် ကုထုံးရှာဖွေခြင်း စတဲ့အရာတွေကနေဖြစ်လာနိုင်တဲ့ လူမှုပတ်ဝန်းကျင်ကိုသက်ရောက်မှုတွေကို စဉ်းစားကြည့်ပါ။

တကယ့်အနှစ်ပြဿနာတွေကို နားမလည်နိုင်ရင် နိုင်ငံရေးပေါ်လစီတွေ၊ ကိုယ့်ဘဝအတွက်ကိုယ်တောင် အမြော်အမြင်ရှိတဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုချနိုင်မှာလဲ။ ဒီစာကိုရေးနေတုန်းမှာပဲ ကွန်ဂရက်လွှတ်တော်က နည်းပညာအကဲဖြတ်ရုံး− အထက်လွှတ်တော်နဲ့အောက်လွှတ်တော်ကို သိပ္ပံနဲ့နည်းပညာပေါ်မှာ အကြံဉာဏ်ပေးဖို့ရည်ရွယ်ပြီးဖွဲ့ထားတဲ့ တစ်ခုတည်းသောအဖွဲ့အစည်း− ကိုဖျက်သိမ်းနေပြီ။ သူတည်ရှိခဲ့စဉ်အတွင်း စွမ်းဆောင်ရည်နဲ့သမာသမတ်ကျမှုက စံတင်လောက်စရာဖြစ်ခဲ့တယ်။ အမေရိကန်ကွန်ဂရတ်ရဲ့ ၅၃၅ ယောက်သောအဖွဲ့ဝင်တွေထဲမှာ နှစ်ဆယ်ရာစုနှစ်အတွင်း သိပ္ပံနောက်ခံရှိတဲ့သူတွေ ၁ ရာခိုင်နှုန်းအထိရှိတယ်ဆိုတာရှားတယ်။ နောက်ဆုံးသိပ္ပံစာတတ်တဲ့သမ္မတက Thomas Jefferson ဖြစ်နိုင်တယ်*။ *[Theodore Roosevelt, Herbert Hoover နဲ့ Jimmy Carter တို့လည်းပါတယ်လို့ ပြောကောင်းပြောနိုင်တယ်။ ဗြိတိန်မှာက Margaret Thatcher လိုမျိုးဝန်ကြီးချုပ်ရှိတယ်။ နိုဘယ်ဆုရှင် Dorothy Hodgkin ရဲ့လမ်းညွှန်မှုတစိတ်တပိုင်းနဲ့ သူ့ရဲ့အစောပိုင်းဓာတုဗေဒလေ့လာမှုတွေက တကမ္ဘာလုံး အိုဇုန်းလွှာပေါက်စေတဲ့ CFC အသုံးပြုမှုကိုတားမြစ်ဖို့ UK ရဲ့အင်အားကောင်းပြီးအောင်မြင်တဲ့ တိုက်တွန်းမှုအတွက်အခရာဖြစ်ခဲ့တယ်။]

ဒီတော့ အမေရိကန်တွေက ဒီကိစ္စတွေကိုဘယ်လိုဆုံးဖြတ်သလဲ။ သူတို့ကိုယ်စားလှယ်တွေကို ဘယ်လိုလမ်းပေးလမ်းညွှန်လုပ်ကြသလဲ။ တကယ်တန်းရော ဘယ်သူက ဘာကိုအခြေပြုပြီး ဒီဆုံးဖြတ်ချက်တွေကိုချတာလဲ။

Cos ရဲ့ Hippocrates က ဆေးပညာရဲ့ဖခင်ကြီး၊ Hippocratic သစ္စာ (ပြင်ဆင်ထားတဲ့ပုံစံက အခုထိရှိပြီး ဆေးကျောင်းသားတွေဘွဲ့ရတဲ့အခါမှာဆိုရတာ) အတွက် သူ့ကို နှစ်ပေါင်း ၂၅၀၀ နောက်ပိုင်းမှာတောင် အမှတ်ရနေကြတုန်းပဲ။ ဒါပေမယ့်သူ့ကိုအဓိကဂုဏ်ပြုကြတာက ဆေးပညာကို အယူသီးမှုတိမ်မည်းတွေအောက်ကနေ သိပ္ပံအလင်းရောင်အောက်ကို ဆွဲယူဖို့အားထုတ်မှုတွေကြောင့်ပဲ။ ပုံမှန်စာပုဒ်တစ်ခုမှာ Hippocrates ကရေးတယ်၊ "လူတွေက အတက်ရောဂါကို နတ်ကိုင်တယ်ထင်ကြတာက သူတို့အဲ့တာကိုနားမလည်တာသက်သက်ကြောင့်ပဲ။ နားမလည်တာကို နတ်ကိုင်တယ်လို့သာနာမည်တပ်မယ်ဆိုရင် နတ်ကိုင်ခံရတဲ့အရာတွေ အဆုံးရှိမှာမဟုတ်ဘူး"။ နယ်ပယ်အများကြီးမှာ မသိတာကိုမသိဘူးလို့ပြောမယ့်အစား စကြဝဠာကဖော်ပြလို့မရနိုင်တဲ့အရာတွေနဲ့ပြည့်နေတယ် ဆိုတာမျိုးတွေပြောလေ့ရှိကြတယ်။ ကျွန်တော်တို့နားမလည်သေးတာကို ဟာကွက်တွေရဲ့နတ်ဘုရားကို ပုံချလိုက်ကြတယ်။ ဘီစီလေးရာစုနှစ်ကနေ ဆေးပညာအသိတိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့နားလည်တာပိုပိုများလာတယ်၊ နတ်ကိုင်တာလိုမျိုး ကောင်းကင်ဘုံကနေစီမံတာတွေကိုပုံချတာတွေ လျော့သထက်လျော့လာတယ်၊ ရောဂါတွေရဲ့ ဖြစ်ပွားရခြင်းအကြောင်းရင်းရော ကုသမှုတွေမှာရောပေါ့။ မီးတွင်းအသေအပျောက်နဲ့ ကလေးငယ်သေဆုံးတာတွေနည်းလာတယ်၊ လူ့သက်တမ်းရှည်လာတယ်၊ ဆေးပညာက ကမ္ဘာပေါ်က သန်းထောင်ပေါင်းများစွာရဲ့ဘဝအရည်အသွေးကို တိုးတက်စေခဲ့တယ်။

ရောဂါရှာဖွေရေးမှာ Hippocrates က သိပ္ပံနည်းလမ်းရဲ့အခြေခံအစိတ်အပိုင်းတွေကို မိတ်ဆက်ထည့်သွင်းခဲ့တယ်။ သေချာပြီးတိကျပြီးအသေးစိတ်တဲ့ လေ့လာဆန်းစစ်မှုတွေလုပ်ဖို့ အားပေးလှုံ့ဆော်ခဲ့တယ်၊ "ဘာကိုမှကျပန်းဖြစ်နိုင်ဖို့အခွင့်အလမ်းဖွင့်မထားနဲ့၊ ဆန်းစစ်ဖို့ကျန်နေခဲ့တာမရှိစေနဲ့၊ ဆန့်ကျင်ဘက်ဖြစ်နေတဲ့တွေ့ရှိချက်တွေကိုပေါင်းစပ်၊ ကိုယ့်ကိုကိုယ်အချိန်အလုံအလောက်ပေး"။ သာမိုမီတာမပေါ်သေးခင်မှာ သူကရောဂါတွေအများကြီးရဲ့ အပူချိန်မျဉ်းတွေကိုမှတ်တမ်းတင်ရေးဆွဲခဲ့တယ်။ လက်ရှိရောဂါလက္ခဏာတွေကြည့်ရုံနဲ့ ရောဂါရဲ့အတိတ်နဲ့အနာဂတ် ဖြစ်နိုင်ခြေရှိတာတွေကို သမားတော်တွေကပြောနိုင်အောင်လုပ်ဖို့ အကြံပြုခဲ့တယ်။ ရိုးသားမှုကိုဖိဖိစီးစီးတိုက်တွန်းတယ်။ သမားတော်တွေရဲ့အသိပညာက ကန့်သတ်ချက်တွေရှိတာကို ဝန်ခံဖို့သူဝန်မလေးခဲ့ဘူး။ သူ့လူနာတွေရဲ့တစ်ဝက်ကျော်က ရောဂါကုရင်းနဲ့ဆုံးပါးသွားတယ်ဆိုတာကို သူ့နောက်လိုက်တွေကိုဖွင့်ဟဝန်ခံဖို့ ရှက်ရွံ့ခြင်းမရှိခဲ့ဘူး။ သူ့မှာရွေးချယ်စရာတော့များများစားစားမရှိခဲ့ဘူးလေ၊ သူ့ဆီမှာရှိတဲ့ဆေးဝါးတွေအများစုက အကိုက်အခဲပျောက်ဆေး၊ အံထွက်အောင်လုပ်တဲ့ဆေးနဲ့ မူးယစ်ဆေးတွေပဲ။ ခွဲစိတ်မှုတွေနဲ့ အပူပေးပြီးပိုးသတ်တဲ့နည်းတွေကို သုံးခဲ့တယ်။ ဂရိ၊ ရောမခေတ်ကနေ ရောမမြို့ကျတဲ့အချိန်ထိ တိုးတက်မှုတွေသိသိသာသာရှိခဲ့တယ်။

အရှေ့အလယ်ပိုင်းမှာ ဆေးပညာတိုးတက်ထွန်းကားသလောက် ဥရောပမှာတော့ တကယ့်အမှောင်ခေတ်ကိုရောက်ခဲ့တယ်။ ခန္ဓာဗေဒနဲ့ ခွဲစိတ်မှုအသိပညာတွေ ပျောက်ဆုံးနေခဲ့တယ်။ ဘုရားစာနဲ့ မှော်ဆန်ဆန်ဆန်ကုသမှုတွေ များပြားခဲ့တယ်။ ဘာသာရေးနဲ့မဆက်နွယ်တဲ့သမားတော်တွေ မျိုးတုံးသွားခဲ့တယ်။ ရွတ်ဖတ်သရဇ္ဈယ်တာတွေ၊ မှော်ဆေးရည်တွေ၊ နက္ခတ်တွေ၊ အဆာင်လက်ဖွဲ့တွေ ကျယ်ကျယ်ပြန့်ပြန့်သုံးခဲ့ကြတယ်။ လူသေအလောင်းခွဲစိတ်တာတွေကို ကန့်သတ်ပိတ်ပင်ခဲ့တော့ ဆေးပညာနဲ့အလုပ်လုပ်သူတွေ လူ့ခန္တာကိုယ်အကြောင်း ကိုယ်ပိုင်အသိသုတတွေရဖို့ အခွင့်အလမ်းမရှိခဲ့ဘူး။ ဆေးပညာသုတေသနက ရပ်တန့်နေခဲ့တယ်။

မြို့တော်ကွန်စတန်တီနိုပိုးရှိတဲ့ အရှေ့တိုင်းအင်ပါယာကြီးတစ်ခုလုံးအတွက် သမိုင်းပညာရှင် Edward Gibbon ပြောခဲ့သလိုမျိုးပေါ့−

ရာစုနှစ်ဆယ်ခုကြာတော်လှန်ရေးတွင် လူသားမျိုးနွယ်၏ ပျော်ရွှင်မှုကိုအသားပေးသော၊ ဂုဏ်သိက္ခာကိုမြှင့်တင်ပေးသော ရှာဖွေတွေ့ရှိမှု တခုတလေမှမရှိခဲ့ပေ။ ရှေးလူတို့၏ မှန်းဆရော်ရမ်းချက်စနစ်များသို့ အကြံသစ်တစ်ခုမှထပ်ဖြည့်ခဲ့ခြင်းမရှိခဲ့။ စိတ်ရှည်သောတပည့်မျိုးဆက်များသည် နောက်ထပ်သူတို့ကိုနာခံမည့်မျိုးဆက်များအတွက် စာအုပ်ကြီးဆရာများဖြစ်လာသည်။

အကောင်းဆုံးအချိန်မှာတောင် ခေတ်ဦးဆေးကုသမှုတွေက လူများများကိုမကယ်နိုင်ခဲ့ဘူး။ ဘုရင်မ Anne က အင်္ဂလန်ပြည် Stuart မင်းမျိုးဆက်ရဲ့ နောက်ဆုံးဖြစ်ခဲ့တယ်။ ၁၇ ရာစုရဲ့နောက်ဆုံး ၁၇ နှစ်အတွင်းမှာ သူ ၁၈ ကြိမ် ကိုယ်ဝန်ဆောင်ခဲ့တယ်။ ကလေးငါးယောက်ပဲ အသက်ရှင်လျက်မွေးလာတယ်။ တစ်ယောက်ပဲ မွေးကင်းစအရွယ်ကိုကျော်ပြီး အသက်ရှင်ခဲ့တယ်။ သူက လူကြီးမဖြစ်ခင်၊ ဘုရင်မ ၁၇၀၂ မှာနန်းမတက်ခင် ဆုံးသွားတယ်။ မျိုးရိုးဗီဇလွဲမှားမှုတစုံတခုရှိခဲ့သလားဆိုတာ သက်သေမတွေ့ရဘူး။ သူမအတွက် ရှိသမျှကျန်းမာရေးစောင့်ရှောက်မှုတွေ အားလုံးရခဲ့တယ်။ တစ်ချိန်တုန်းက မရေတွက်နိုင်တဲ့မွေးကင်းစအရွယ်တွေနဲ့ ကလေးငယ်တွေကို ဝမ်းနည်းကြေကွဲဖွယ်ဆုံးပါးစေခဲ့တဲ့ ရောဂါတွေကို သိပ္ပံကနေတဖြည်းဖြည်း ရှောင်လွှား၊ ကုသနိုင်ခဲ့တယ်။ အဏုဇီဝပိုးမွှားကမ္ဘာကိုရှာတွေ့တာကနေ၊ သမားတော်တွေနဲ့ဝမ်းဆွဲတွေ သူတို့လက်တွေနဲ့ကိရိယာတွေကို ဆေးပြီးပိုးသတ်ရမယ်ဆိုတာသိမြင်ခဲ့တာကနေ၊ အာဟာရဖြည့်တင်းတာကနေ၊ လူထုကျန်းမာရေးနဲ့ ရေဆိုးနှုတ်စနစ်တွေကနေ၊ ပိုးသတ်ဆေး၊ ဆေးဝါး၊ ကာကွယ်ဆေး၊ DNA ရဲ့မော်လီကျူးပုံစံကိုဖော်ထုတ်နိုင်တာ၊ မော်လီကျူးဇီဝဗေဒ၊ အခုနောက်ဆုံး မျိုးဗီဇ သာရပီအထိ။ အနည်းဆုံးတော့ တိုးတက်တဲ့တိုင်းပြည်တွေမှာ မိဘတွေသူတို့သားသမီးတွေကို အရွယ်ရောက်တဲ့အထိ တွေ့မြင်နိုင်ဖို့အခွင့်အလမ်းက ၁၇ ရာစုတွင်းက ကမ္ဘာပေါ်မှာအင်အားအကောင်းဆုံး နိုင်ငံတွေထဲကတစ်ခုရဲ့ နန်းမွေဆက်ခံသူတစ်ယောက်ထက် အလွန်များပြားတယ်။ ကျောက်ရောဂါကို ကမ္ဘာတဝန်းလုံးကနေ ဖယ်ရှားလိုက်နိုင်ပြီ။ ဒီဂြိုလ်မှာ ငှက်ဖျားပိုးသယ်နိုင်တဲ့ခြင်ရှိတဲ့နေရာတွေကို အတော်လေးချုံ့နိုင်ခဲ့ပြီ။ သွေးကင်ဆာရောဂါရှိနေတဲ့ကလေးတစ်ယောက် အသက်ရှင်နိုင်ဖို့နှစ်အရေအတွက်က တနှစ်ပြီးတနှစ် ပိုပိုပြီးတိုးလာတယ်။ လွန်ခဲ့တဲ့နှစ်ထောင်ဂဏန်းလောက်ကထက် အများကြီးပိုပြီးအေးချမ်းတဲ့အခြေအနေမှာ လူပေါင်းအဆရာပေါင်းများစွာ ပိုပြီးကျွေးထားနိုင်အောင် ကမ္ဘာကြီးကိုသိပ္ပံကထောက်ပံ့ပေးတယ်။

ဝမ်းရောဂါသည်တစ်ယောက်ကို ကျွန်တော်တို့ဆုတောင်းပေးနိုင်တယ်၊ ဒါမှမဟုတ် တက်ထရာဆိုင်ကလင်း ၅၀၀ မီလီဂရမ်ကို ၁၂ နာရီခြားတစ်ခါတိုက်နိုင်တယ်။ (ခရစ်ယာန်သိပ္ပံဘာသာမှာ ပိုးမွှားရောဂါသီအိုရီကိုငြင်းပယ်ထားတယ်၊ ဆုတောင်းလို့မအောင်မြင်ဘူးဆိုရင် ယုံကြည်သူတွေကသူတို့ကလေးတွေကို ပိုးသတ်ဆေးတိုက်ရမှာထက် အသေခံခိုင်းဖို့ပိုများတယ်)။ စိတ်ကစဉ့်ကလျားရောဂါသည်ကို မထိရောက်ဖို့များတဲ့ စိတ်ကုထုံးတွေအစား ကလိုဇပိုင်းတစ်နေ့ကို ၃၀၀ ကနေ ၅၀၀ မီလီဂရမ်ပေးနိုင်တယ်။ သိပ္ပံနည်းကျကုထုံးတွေက တခြားရွေးစရာတွေထက် အဆရာချီထောင်ချီ ပိုပြီးထိရောက်မှုရှိတယ်။ (တခြားနည်းလမ်းတွေ အလုပ်ဖြစ်တယ်ထင်ရရင်တောင်မှ သူတို့တကယ်သက်ရောက်မှုရှိခဲ့လားဆိုတာ သေချာမသိနိုင်ဘူး၊ ဝမ်းရောဂါနဲ့ စိတ်ကစဉ့်ကလျားရောဂါတောင်မှ ဆုတောင်းတာမပါပဲ၊ စိတ်ကုထုံးမရှိပဲ သူ့ဟာသူခဏပျောက်သွားတာဖြစ်နိုင်တယ်)။ သိပ္ပံကိုစွန့်လွှတ်ဖို့ဆိုတာ အဲယားကွန်း၊ စီဒီဖွင့်စက်၊ ဆံပင်အခြောက်ခံစက်နဲ့ မြန်နှုန်းမြင့်ကားတွေကို စွန့်လွှတ်တာထက်ပိုတယ်။

ကမ္ဘာဦးအမဲလိုက်သမားတွေအချိန်၊ စိုက်ပျိုးရေးမပေါ်ခင်အချိန်တုန်းက လူ့သက်တမ်းက အနှစ် ၂၀ ကနေ ၃၀ လောက်ပဲရှိခဲ့တယ်။ ဒါက ရောမခေတ်နှောင်း အနောက်တိုင်းဥရောပမှာရော အလယ်ပိုင်းခေတ်တွေမှာရောအတူတူပဲ။ ၁၈၇၀ လောက်အထိ နှစ် ၄၀ ကိုတိုးမလာခဲ့ဘူး။ ၁၉၁၅ မှာ ၅၀ ကိုရောက်တယ်၊ ၁၉၃၀ မှာ ၆၀၊ ၁၉၅၅ မှာ ၇၀၊ ဒီနေ့ခေတ်မှာ ၈၀ ကိုကပ်နေပြီ (မိန်းမတွေက နည်းနည်းပိုများတယ်၊ ယောက်ျားတွေကနည်းနည်းပိုနည်းတယ်)။ ကမ္ဘာ့တခြားနေရာတွေမှာလည်း သက်တမ်းရှည်ကြာမှုက ဥရောပနောက်ကိုလိုက်နေပြီ။ ဒီလိုမျိုး အရင်ကမရှိဘူးတဲ့ မင်သက်ဖွယ်ရာ လူသားတစ်မျိုးနွယ်လုံးနဲ့ဆိုင်တဲ့ အကူးအပြောင်းရဲ့ အကြောင်းပြချက်က ဘာဖြစ်မလဲ။ ပိုးမွှားရောဂါသီအိုရီ၊ လူထုကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးနဲ့ဆေး နည်းပညာတွေပဲ။ ရုပ်ဝတ္ထုအရတိုင်းတာမယ်ဆိုရင် သက်တမ်းကြာရှည်မှုက အကောင်းဆုံးဘဝအရည်အသွေးဖြစ်နိုင်တယ် (မင်းသေပြီဆိုရင် ပျော်ရွှင်ဖို့လုပ်စရာသိပ်မရှိတော့ဘူး)။ ဒါကသိပ္ပံရဲ့ လူသားမျိုးနွယ်ကိုပေးနိုင်တဲ့ အဖိုးတန်အရာ−ဘဝလက်ဆောင်ပဲ။

ဒါပေမယ့် အဏုဇီဝပိုးတွေက မျိုးဗီဇပြောင်းလဲနိုင်တယ်။ ရောဂါအသစ်တွေက တောမီးလိုပဲပျံ့နှံ့နိုင်တယ်။ ရောဂါပိုးတွေရဲ့တိုက်စစ်နဲ့ လူသားတွေရဲ့ခံစစ်တိုက်ပွဲက အမြဲတမ်းဖြစ်နေတယ်။ ဒီပြိုင်ပွဲမှာ ခြေတစ်လှမ်းသာနေဖို့က ဆေးဝါးကုထုံးအသစ်တွေ ထုတ်နေရုံသာမက သက်ရှိလောကသဘာဝကို ပိုပြီးနက်နက်ရှိုင်းရှိုင်းနားလည်အောင် ထိုးဖောက်ဖို့လည်းလိုတယ်− ဒါကအခြေခံသုတေသနပဲ။

ကမ္ဘာ့လူဦးရေတိုးပွားလာမှုကြောင့် ၂၁ ရာစုနှောင်းပိုင်းမှာ လူဦးရေ ၁၀ ကနေ ၁၂ ဘီလီယံလောက်အထိရှိလာမယ့် အလွန်ပြင်းထန်တဲ့အကျိုးဆက်တွေကနေ ရှောင်ကွင်းနိုင်ဖို့ဆိုရင် အန္တရာယ်ကင်းပြီး ပိုထိရောက်တဲ့ စိုက်ပျိုးရေးနည်းတွေကိုတီထွင်ရလိမ့်မယ်။ တပြိုင်တည်းမှာပဲ မျိုးစေ့ရင်းမြစ်၊ ရေပေးနစ်၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ သယ်ယူပို့ဆောင်ရေးနဲ့ အအေးခံစနစ်တွေပါ ထည့်စဉ်းစားရမယ်။ ဒါ့အပြင် သင့်တော်တဲ့ သားဆက်ခြားဆေးတွေ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဝယ်ယူသုံးစွဲနိုင်ဖို့၊ မိန်းမတွေရဲ့ နိုင်ငံရေးသာတူညီမျှမှုမှာ သိသိသာသာရှေ့ရောက်ဖို့၊ အဆင်းရဲဆုံးသူတွေရဲ့ လူနေမှုအဆင့်အတန်းတိုးတက်ဖို့လည်း လိုအပ်တယ်။ ဒါတွေအကုန်လုံးကို သိပ္ပံနဲ့နည်းပညာမပါပဲ ဘယ်လိုအကောင်အထည်ဖော်မလဲ။

သိပ္ပံနဲ့နည်းပညာက ကမ္ဘာကြီးကိုလက်ဆောင်တွေပေးချွေနေတဲ့ ပဒေသာပင်ကြီးမဟုတ်တာကို ကျွန်တော်သိပါတယ်။ သိပ္ပံပညာရှင်တွေက နျူကလီးယားလက်နက်တွေကို တီထွင်ကြံဆခဲ့ရုံသာမက နိုင်ငံရေးခေါင်းဆောင်တွေကို ကော်လံကနေဆွဲပြီး သူတို့နိုင်ငံက − ဘယ်နိုင်ငံပဲဖြစ်ဖြစ် − ပထမဆုံးရဖို့လိုအပ်တယ်ဆိုတာကို တိုက်တွန်းခဲ့ကြတယ်။ ပြီးတော့သူတို့ အလုံးပေါင်း ၆၀၀၀ ကျော်ထုတ်လုပ်ခဲ့ကြတယ်။ စစ်အေးတိုက်ပွဲအတွင်းမှာ အမေရိကန်၊ ဆိုဗီယက်ပြည်ထောင်စု၊ တရုတ်နဲ့ တခြားနိုင်ငံတွေက နျူကလီးယားစစ်ပွဲအတွက်ပြင်ဆင်ဖို့ သူတို့နိုင်ငံသားတွေကို (ကိုယ်တိုင်မသိကြပဲ) ဓာတ်ရောင်ခြည်သင့်စေတာကိုတောင် စိတ်ဆန္ဒရှိခဲ့ကြတယ်။ အယ်လ်ဘားမားပြည်နယ်၊ တက်စ်ကီဂီကဆရာဝန်တွေက စစ်ပြန်တွေကို ဆစ်ဖလစ်အတွက် ဆေးကုပေးနေတယ်လို့အယုံသွင်းခဲ့ပေမယ့် တကယ်တန်းက ဆေးကုသမှုမရရှိခဲ့တဲ့ထိန်းချုပ်အုပ်စုဖြစ်နေခဲ့တယ်။ နာဇီဆရာဝန်တွေရဲ့ ဆိုးဝါးလှတဲ့ရက်စက်မှုတွေကို လူတိုင်းသိကြတယ်။ ကျွန်တော်တို့နည်းပညာက သာလီဒိုမိုက်၊ CFC၊ Agent Orange၊ ဓာတုအဆိပ်ငွေ့၊ လေထုနဲ့ရေထုညစ်ညမ်းမှု၊ မျိုးစိတ်တွေမျိုးတုန်းမှု၊ စွမ်းအားမြင့်စက်ရုံတွေက ကမ္ဘာဂြိုလ်ရဲ့ ဇလဗေဒစနစ်ကိုတောင် ထိခိုက်စေတာတွေ ဖြစ်စေခဲ့တယ်။ ကမ္ဘာပေါ်က သိပ္ပံပညာရှင်တစ်ဝက်လောက်က အနည်းဆုံးအချိန်ပိုင်းလောက်တော့ စစ်တပ်အတွက်အလုပ်လုပ်ပေးနေကြတယ်။ အပြင်လူတွေလို့မြင်ရမယ့် သိပ္ပံပညာရှင်တချို့က လူ့အဖွဲ့အစည်းရဲ့ပြစ်ချက်တွေကို ရဲရဲရင့်ရင့်ဝေဖန်ထောက်ပြတာ၊ နည်းပညာဆိုင်ရာကပ်ဘေးဖြစ်နိုင်တာတွေကို ကြိုသတိပေးတာတွေလုပ်နေပေမယ့် တော်တော်များများအထင်ခံရတာက အလွယ်လိုက်တဲ့အခွင့်အရေးသမားတွေ၊ (ရေရှည်အကျိုးဆက်တွေကိုမကြည့်ပဲ) ကော်ပိုရေးရှင်းတွေရဲ့အကျိုးအမြတ်အတွက်၊ ဒါမှမဟုတ် ဖျက်အားပြင်းလက်နက်တွေအတွက် လုပ်ပေးနေသူတွေလို့ ထင်မြင်ကြတယ်။ သိပ္ပံကနေပေးခဲ့တဲ့ နည်းပညာဆိုင်ရာကပ်ဘေးတွေ၊ အစဉ်အဆက်လက်ဆင့်ကမ်းလာတဲ့ ရှေးထုံးတွေကိုစိန်ခေါ်တာတွေ၊ ခက်ခဲတယ်ထင်ရတာတွေက လူတချို့သူ့ကို မယုံတာ၊ ရှောင်ဖယ်တာတွေရဲ့ အကြောင်းရင်းဖြစ်တယ်။ လူတွေသိပ္ပံနဲ့နည်းပညာကို စိုးရွံ့ကြတာ အကြောင်းမဲ့မဟုတ်ဘူး။ Mad scientist တွေရဲ့ပုံရိပ်က ကျွန်တော်တို့ကမ္ဘာကြီးကို ခြောက်လှန့်နေတယ်၊ စနေနေ့မနက်ပိုင်း ကလေးတီဗွီအစီအစဉ်မှာလာတဲ့ ဝတ်ရုံဖြူဝတ်စိတ်ပေါ့သွပ်သူတွေကနေ အခုခေတ်စားတဲ့ သိက္ခာနဲ့အကျိုးအမြတ်အလဲအထပ်လုပ်တာတွေရဲ့နာမည်ခံ Dr. Faustus ကိုယ်တိုင်ကနေ Dr. Frankenstein၊ Dr. Strangelove နဲ့ ဂျူရက်ဆစ်ပက်ခ် လိုမျိုးတွေအထိပဲ။

ဒါပေမယ့်သိပ္ပံက ကိုယ်ကျင့်တရားမခိုင်မာသူနည်းပညာရှင်တွေ၊ ကျင့်ဝတ်ပျက်ပြားပြီးအာဏာနောက်လိုက်တဲ့ နိုင်ငံရေးသမားတွေကို စွမ်းအားအလွန်အမင်းကြီးစေလို့ သိပ္ပံကိုတိုက်ဖျက်မယ်ဆိုပြီး လွယ်လွယ်ဆုံးဖြတ်လို့မရဘူး။ ဆေးဝါးနဲ့စိုက်ပျိုးရေးက ရှာဖွေတွေ့ရှိမှုတွေက သမိုင်းမှာစစ်ပွဲတွေကြောင့် လူ့အသက်ဆုံးရှုံးရတာထက် အများကြီးပိုပြီးကယ်တင်နိုင်ခဲ့တယ်*။ သယ်ယူပို့်ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဖျော်ဖြေရေးတီထွင်မှုတွေက ကမ္ဘာကြီးကိုပြောင်းလဲ၊ စုစည်းစေနိုင်ခဲ့တယ်။ အလွဲအမှားတွေရှိခဲ့တာတောင်မှ ထင်မြင်ချက်စစ်တမ်းတွေမှာ တစ်ခုပြီးတစ်ခု သိပ္ပံကအလေးစားကြဆုံး၊ အယုံရဆုံးအလုပ်တွေထဲမှာပါနေတယ်။ သိပ္ပံဓားက အစွန်းနှစ်ဖက်ပါတယ်။ သူ့ရဲ့အစွမ်းထက်တဲ့အင်အားက နိုင်ငံရေးသမားတွေအပါအဝင် ကျွန်တော်တို့ကို နည်းပညာရဲ့ရေရှည်အကျိုးဆက်တွေကို ပိုအာရုံစိုက်ဖို့၊ အမှုမဲ့အမှတ်မဲ့ဖြစ်နိုင်တဲ့ ကိုယ့်နိုင်ငံကိုရှေ့တန်းတင်စိတ်၊ အစွန်းရောက်မျိုးချစ်စိတ်တွေကို လျှော့ချဖို့ဆိုတဲ့ ဝတ္တရားအသစ်ကိုထည့်ပေးတယ်။ အမှားတွေက အလွန်အမင်းကုန်ကျစရိတ်များလာပြီ။

ဘာကအမှန်လဲဆိုတာ ကျွန်တော်တို့သတိထားစရာလား။ ဘာလို့ဒါကအရေးကြီးတာလဲ။

...မသိခြင်းသည် အေးချမ်းရာ၊

ဉာဏ်ပညာသည် ရူးမိုက်ခြင်း

ကဗျာဆရာ Thomas Gray ကရေးတယ်။ ဒါပေမယ့်ဒါကဘာလဲ။ Edmund Way Teale က ၁၉၅၀ ခု ဥတုများ၏စက်ဝိုင်း စာအုပ်မှာ ဒီဒွိဟဖြစ်စရာကို နားလည်ခဲ့တယ်။

သင့်စိတ်သက်သာရာအတွက် တစုံတခုမှန်လား၊ မမှန်လားဂရုမစိုက်ခြင်းသည် ပိုက်ဆံရနေပါက မည်ကဲ့သို့ရနေသည်ကို ဂရုမစိုက်ခြင်းကဲ့သို့ပင် ကျင့်ဝတ်အရမှားယွင်းသည်။

ဥပမာ အစိုးရဝန်ထမ်းတွေလာဘ်စားတာကို သိရတာက စိတ်နှလုံးမအေးချမ်းစေဘူး၊ ဒါပေမယ့် အဲ့တာကိုမသိတာက ပိုကောင်းမလား။ မသိခြင်းက ဘယ်သူ့ကိုအကျိုးရစေမလဲ။ တကယ်လို့ကျွန်တော်တို့လူသားတွေက ဆိုပါတော့−လူစိမ်းတွေကိုမုန်းတဲ့ မျိုးဗီဇဆက်ခံမှုပါလာတယ်ဆိုရင် ကိုယ်ပိုင်အသိကပဲ တစ်ခုတည်းသောဖြေဆေးမဟုတ်ဘူးလား။ အကယ်၍ ကြယ်တွေထွက်တာ၊ ဝင်တာ၊ စကြဝဠာကြီးတည်ရှိနေတာက လူသားတွေအတွက်ပဲလို့ယုံချင်ကြမယ်ဆိုရင် ဒီအတ္တကိုဖွင့်ထုတ်တဲ့သိပ္ပံက ကျွန်တော်တို့အတွက် ရန်သူဖြစ်နေမလား။

သေမျိုးတို့၏မျိုးရိုးစဉ် မှာ Friedrich Nietzsche က သူ့ရှေ့လူတွေအများကြီးလိုပဲ သိပ္ပံတော်လှန်ရေးရဲ့ "လူသားတွေ ကိုယ့်ကိုကိုယ် သေးငယ်အောင်လုပ်တဲ့ အဆက်မပြတ်သောခရီး" ကိုရှုတ်ချခဲ့တယ်။ Nietzsche က "လူသားရဲ့ သူ့ဂုဏ်သိက္ခာပေါ်မှာယုံကြည်မှု၊ အတုမရှိမှု၊ ဖြစ်တည်ခြင်းတစ်ခုလုံးမှာ အစားထိုးမရမှု" ဆုံးရှုံးရခြင်းကို တမ်းတတယ်။ ကျွန်တော့်အတွက်ကတော့ စကြဝဠာကြီးကို တကယ့်ဖြစ်တည်မှုအတိုင်း သိနားလည်ရခြင်းက စိတ်ကူးယဉ်ကမ္ဘာထဲမှာနေရခြင်းထက် အများကြီးပိုပြီးကောင်းတယ်၊ စိတ်ကူးယဉ်ကမ္ဘာကပိုပြီး ကျေနပ်စရာ၊ စိတ်လုံခြုံစရာကောင်းတာတောင်မှပေါ့။ ကျွန်တော်တို့ရေရှည်တည်တံ့ဖို့အတွက် ဘယ်သဘောထားက ပိုပြီးသင့်တော်မလဲ။ အနာဂတ်မှာ ဘယ်ဟာကပိုပြီး အားသာစေနိုင်မလဲ။ တကယ်လို့ ဒီဖြစ်စဉ်မှာကျွန်တော်တို့ရဲ့ နုံအတဲ့ပုဂ္ဂလယုံကြည်မှုက နည်းနည်းလေးလျော့သွားတယ်ဆိုရင် တကယ်ပဲဆုံးရှုံးသွားတာလား။ ဒါကိုရင့်ကျက်ခြင်း၊ ပင်ကိုယ်စရိုက်တည်ဆောက်ခြင်းအတွက် အတွေ့အကြုံတစ်ခုအဖြစ် မှတ်ယူဖို့မသင့်ဘူးလား။

စကြဝဠာက နှစ်ပေါင်းခြောက်ထောင်ကနေ တစ်သောင်းနှစ်ထောင်သက်တမ်းရှိတာမဟုတ်ပဲ သန်း ၈၀၀၀ ကနေ သန်း ၁၅၀၀၀ သက်တမ်းရှိတယ်ဆိုတာရှာတွေ့တာက စကြဝဠာကြီးရဲ့ကျယ်ပြန့်မှုနဲ့ ခမ်းနားမှုကို ပိုပြီးအလေးပြုစရာဖြစ်ခဲ့တယ်။ ကျွန်တော်တို့ဟာ အသေအချာရှုပ်ထွေးစွာဖွဲ့စည်းထားတဲ့ အက်တမ်အစုအဖွဲ့ကြီးဆိုတာကို စဉ်းစားသက်ဝင်ကြည့်ရခြင်းဟာ အနည်းဆုံးတော့ အက်တမ်တွေကိုလေးစားမှုပိုပြီးဖြစ်စေတယ်။ ဒီကမ္ဘာဂြိုလ်ဟာ နဂါးငွေ့တန်းဂလက်စီရဲ့ သန်းထောင်ပေါင်းများစွာသောကမ္ဘာတွေထဲက တစ်ခုဖြစ်တယ်ဆိုတာ၊ ဒီဂလက်စီကလည်း နောက်ထပ်သန်းထောင်ပေါင်းများစွာထဲက တစ်ခုဖြစ်နိုင်တယ်ဆိုတာ ရှာဖွေတွေ့ရှိရခြင်းဟာ ဖြစ်နိုင်ခြေရှိတာတွေကို ခန့်ညားထည်ဝါစွာပိုပြီးကျယ်ပြန့်စေတယ်။ ကျွန်တော်တို့ဘိုးဘေးတွေဟာ မျောက်ဝံတွေရဲ့ဘိုးဘေးတွေလည်းဖြစ်တယ်ဆိုတာက ကျွန်တော်တို့ကိုကျန်တဲ့သက်ရှိတွေနဲ့ ပေါင်းစပ်ချည်နှောင်လိုက်တာအပြင် အရေးပါတဲ့−တခါတလေမချိစရာကောင်းတဲ့−လူသားသဘာဝကို သုံးသပ်ဖို့အခွင့်ပေးတယ်။

ဘွင်းဘွင်းပြောရရင် နောက်ကြောင်းပြန်လှည့်စရာမရှိဘူး။ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် ကျွန်တော်တို့သိပ္ပံနဲ့ခွဲလို့မရတော့ဘူး။ သူ့ကိုအကောင်းဆုံးအသုံးချဖို့ပဲရှိတော့တယ်။ သူနဲ့နောက်ဆုံးပြေလည်သွားတဲ့တစ်နေ့မှာ၊ သူ့ရဲ့အလှအပနဲ့စွမ်းအားကိုအပြည့်အဝ အသိအမှတ်ပြုနိုင်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိစ္စတွေရောမှာ ကျွန်တော်တို့အတွက်အကျိုးအမြတ်က အများကြီးအလေးသာနေတာကိုတွေ့ရပါလိမ့်မယ်။

သို့ပေမယ့် အယူသီးမှုနဲ့ သိပ္ပံယောင်တွေက ကြားထဲမှာကန့်လန့်လာလာခံနေတယ်၊ လူတွေကြားထဲက "Buckley" လိုသူတွေကိုအာရုံလွဲစေတယ်၊ အဖြေတွေလွယ်လင့်တကူပေးတယ်၊ သံသယစိတ်နဲ့စမ်းစစ်တာတွေကိုရှောင်ကွင်းတယ်၊ ထူးဆန်းတာတွေကို အထာနပ်နပ်နဲ့ထိတွေ့စေပြီး အတွေ့အကြုံကိုပေါ့ပျက်ပျက်ဖြစ်စေတယ်၊ အယုံလွယ်မှုရဲ့သားကောင်အဖြစ်ရော ကိုယ်တိုင်ပုံမှန်နဲ့လွယ်လွယ်ကျင့်သုံးသူတွေရော ဖြစ်စေတယ်။ ဟုတ်တယ်၊ ဘာမြူဒါရေနက်ပိုင်းမှာ သင်္ဘောတွေနဲ့လေယာဉ်ပျံတွေကိုစားပစ်တဲ့ UFO တွေကျက်စားနေခဲ့ရင်၊ ဒါမှမဟုတ် သေလူတွေက ကျွန်တော်တို့လက်တွေကိုထိန်းချုပ်ပြီး စာတွေရေးပြနိုင်ခဲ့ရင် ကမ္ဘာကြီးကပိုပြီးစိတ်ဝင်စားစရာကောင်းလိမ့်မယ်။ မွေးကင်းစကလေးတွေက စဉ်းစားရုံနဲ့ တယ်လီဖုန်းတွေကိုသူတို့ခွက်ထဲကနေ ထခုန်အောင်လုပ်နိုင်ရင်၊ အိပ်မက်တွေက အကြောင်းတိုက်ဆိုင်မှုနဲ့ ရှိပြီးသားအသိတွေကနေရှင်းပြနိုင်တာကိုကျော်ပြီး အနာဂတ်ကိုတိတိကျကျခန့်မှန်းနိုင်ခဲ့ရင် အလွန်အံ့ဖွယ်ကောင်းလိမ့်မယ်။

ဒါတွေအကုန်လုံးက သိပ္ပံယောင်ပုံစံတွေပဲ။ သူတို့က သိပ္ပံရဲ့နည်းလမ်းနဲ့ ရှာဖွေတွေ့ရှိမှုတွေကို အသုံးချသယောင်ထင်ရပေမယ့် တကယ်တန်းမှာ သိပ္ပံရဲ့သဘောသဘာဝကို လိုက်နာတာမရှိဘူး။ မလုံလောက်တဲ့သက်သေတွေကို အခြေခံထားတာဖြစ်ဖြစ်၊ ဆန့်ကျင်ဘက်ကိုညွှန်ပြနေတဲ့ သဲလွန်စအပိုင်းအစတွေကို လျစ်လျူရှုထားတာဖြစ်ဖြစ် တွေ့ရလေ့ရှိတာကြောင့်ပဲ။ အယုံလွယ်မှုက သူတို့ကိုပျံ့နှံ့စေတယ်။ သေချာမသိပဲ (ပြီးတော့ ကိုယ်ကျိုးရှာသူတွေလည်းဖြစ်နိုင်တဲ့) သတင်းစာတွေ၊ မဂ္ဂဇင်းတွေ၊ စာအုပ်ထုတ်ဝေသူတွေ၊ ရေဒီယို၊ တီဗွီ၊ ရုပ်ရှင်ထုတ်လုပ်သူတွေနဲ့ အပေါင်းအပါတွေရဲ့ ပူးပေါင်းပါဝင်မှုကြောင့် အဲ့ဒီလိုအထင်အမြင်တွေက လွယ်လွယ်ကူကူနဲ့ကျယ်ကျယ်ပြန့်ပြန့် တွေ့ရလေ့ရှိတယ်။ အဲ့ဒါတွေထက် အများပြီးပိုပြီးတွေ့ဖို့ခက်ခဲတာက အခြားသော ပိုပြီးနက်နဲတဲ့ ပိုပြီးပြောင်မြောက်တဲ့ သိပ္ပံရှာဖွေတွေ့ရှိမှုတွေပဲ (ဒါကို Mr. "Buckley" နဲ့ကြုံရတာကနေ ပြန်အမှတ်ရစေတယ်)။

သိပ္ပံယောင်ကသိပ္ပံထက် ဖန်တီးရတာပိုပြီးလွယ်ကူတယ်။ ဘာလို့လဲဆိုတော့ လက်တွေ့အရှိတရားကို စိန်ခေါ်ရတာ−နှိုင်းယှဉ်မှုရဲ့ရလာဒ်ကို မထိန်းချုပ်နိုင်တာ−သိပ္ပံယောင်မှာဒါတွေကို လွယ်လွယ်ရှောင်ရှားနိုင်တယ်။ အဆိုကိုရှင်းလင်းတင်ပြတဲ့စံနှုန်းတွေ၊ သက်သေဖြစ်ဖို့လိုအပ်ချက်တွေက ပိုပြီးလျော့ရဲတယ်။ ဒီအကြောင်းတရားတွေ တစိတ်တပိုင်းကြောင့် သာမန်ပြည်သူလူထုကိုတင်ဆက်တဲ့အခါ သိပ္ပံထက် သိပ္ပံယောင်ကအများကြီးပိုလွယ်တယ်။ ဒါပေမယ့်ဒါက သိပ္ပံယောင်ကိုဘာလို့လူကြိုက်များလဲဆိုတာ ရှင်းပြဖို့မလုံလောက်ဘူး။

ပုံမှန်ဆိုရင်လူတွေက ယုံကြည်မှုစနစ်အမျိုးမျိုးကို သူတို့နဲ့ကိုက်၊ မကိုက် စမ်းကြည့်ကြတယ်။ အခြေအနေမကောင်းရင် သံသယစိတ်ကို အလေးအပင်တစ်ခုလို မထားရတာကို လွှတ်ချလိုက်ဖို့ဝန်မလေးဘူး။ သိပ္ပံယောင်က သိပ္ပံကမဖြည့်ဆည်းပေးနိုင်သေးတဲ့ အင်အားကောင်းတဲ့စိတ်ခံစားချက်လိုအင်တွေကို ဖြည့်ပေးတယ်။ ကျွန်တော်တို့မှာမရှိပေမယ့် ပိုင်ဆိုင်လိုတဲ့ တကိုယ်ရည်စွမ်းအားတွေကို စိတ်ကူးယဉ်ခွင့်ပေးတယ် (ဒီနေ့ခေတ် ကာတွန်းစာအုပ်ထဲက စူပါဟီးရိုးတွေလိုမျိုး၊ အရင်တုန်းကတော့ နတ်ဘုရားတွေလိုမျိုးပေါ့)။ တချို့ပုံစံတွေမှာ စိတ်ဝိဉာဏ်ဆာလောင်မှုကို ဖြည့်တင်းပေးဖို့၊ ရောဂါကုသပေးဖို့ ကမ်းလှမ်းတယ်၊ သေဆုံးခြင်းကအဆုံးမဟုတ်ဘူးဆိုတာကို ကတိပြုတယ်။ ကျွန်တော်တို့က စကြဝဠာအလယ်ဗဟိုမှာရှိသေးတယ်၊ အရေးပါအရာရောက်တယ်လို့ အားပေးတယ်။ စကြဝဠာနဲ့ချိတ်ဆက်ချည်နှောင်ထားတယ်လို့ ချွေးသိပ်တယ်*။ တခါတလေအဲ့ဒါက ဘာသာတရားအဟောင်းနဲ့ သိပ္ပံအသစ်ကြားမှာ ကြားချထားသလိုပဲ၊ နှစ်ခုလုံးကလဲသူ့ကိုမကြည်ကြဘူး။

သိပ္ပံယောင်တစ်ချို့ရဲ့ဗဟိုချက်က (ဘာသာတရားတချို့လည်းပါတယ်၊ အဟောင်းရောအသစ်ရော) ဆုတောင်းရင်အမှန်တကယ်ဖြစ်လာမယ်ဆိုတဲ့ အယူအဆပဲ။ ရိုးရာပုံပြင်တွေနဲ့ ကလေးပုံပြင်တွေထဲမှာလို ဆုတောင်းလိုက်ရုံနဲ့ စိတ်ထဲရှိတဲ့အတိုင်းဖြစ်လာရင် ဘယ်လောက်ကျေနပ်စရာကောင်းမလဲ။ မျှော်လင့်တဲ့အတိုင်းဖြစ်လာဖို့ စိုက်ထုတ်ရတဲ့အင်အားနဲ့ ကံအခွင့်အလမ်းတို့နဲ့ယှဉ်လိုက်ရင် ဒီသဘောတရားက စွဲမက်ဖို့ကောင်းတယ်။ ပြုစားထားတဲ့ငါး၊ မီးခွက်စောင့်နတ်သားတို့က လိုချင်တဲ့ဆုတောင်းသုံးခုဖြည့်ပေးတယ်၊ နောက်ထပ်ဆုတောင်းတွေကလွဲရင်ပေါ့။ တကယ်သာအဲ့လို ကြေးဆီမီးခွက်ဟောင်းကြီးတစ်ခုကိုတွေ့လို့ ပွတ်ကြည့်လိုက်မယ်ဆိုရင် ဘာကိုဆုတောင်းရမလဲလို့ တွေးကြည့်ဖူးကြလိမ့်မယ်။

ကျွန်တော်ကလေးအရွယ်တုန်းက ကာတွန်းစာအုပ်တွေထဲက ဦးထုပ်ဆောင်း မုတ်ဆိပ်မွေးရှည်ရှည် ဆင်ဆွယ်ရောင်တောင်ဝှေးတရမ်းရမ်းနဲ့ မျက်လှည့်ဆရာတစ်ယောက်ကိုသတိရမိတယ်။ သူ့နာမည်က Zatara။ သူကဘာမဆို ဖြစ်အောင်လုပ်နိုင်တယ်၊ ဘာမဆိုပဲ။ သူဘယ်လိုလုပ်တာလဲ။ လွယ်ပါတယ်။ သူ့အမိန့်တွေကို နောက်ပြန်ရွတ်လိုက်တာ။ ဒီတော့ သူဒေါ်လာတစ်သန်းလိုချင်တယ်ဆိုရင် "စေပေးသန်းတစ် လာဒေါ်ကိုငါ့" လို့ပြောမယ်။ ဒါသူလုပ်တာအကုန်ပဲ။ ဆုတောင်းတာလိုမျိုးပဲ၊ ဒါပေမယ့်ရလာဒ်ကပိုသေချာတယ်။

ရှစ်နှစ်အရွယ်တုန်းက ဒီအကွက်ကိုအချိန်တော်တော်ယူကြီး စမ်းသပ်ဖူးတယ်၊ ကျောက်တုံးတွေလေပေါ်မြောက်အောင်ပေါ့ "စေကြွ တုံးကျောက်"။ တစ်ခါမှအလုပ်မဖြစ်ခဲ့ဘူး။ ကျွန်တော်အသံထွက်မမှန်လို့ဖြစ်မယ်။

သိပ္ပံယောင်ကိုဖက်တွယ်ကြတဲ့အချိုးအစားက သိပ္ပံကိုနားလည်မှုလွဲတဲ့အချိုးအစားနဲ့ အတူတူပဲလို့ပြောကောင်းပြောကြမယ်။ ဒါပေမယ့်ဒီနေရာမှာ စကားလုံးတွေကသိပ်အဓိပ္ပာယ်မရှိဘူး။ ခင်ဗျားကသိပ္ပံအကြောင်းမကြားဖူးဘူးဆိုရင် (ဘယ်လိုအလုပ်လုပ်သလဲဆိုတာထားလိုက်ဦး) သိပ္ပံယောင်တွေကိုလက်ခံမိနေတယ်ဆိုတာ ဘယ်လိုသတိပြုနိုင်မှာလဲ။ လူတွေဆီမှာအမြဲတမ်းရှိခဲ့တဲ့ စဉ်းစားပုံတွေထဲကအတိုင်း တွေးမိနေရုံပဲ။ ဘာသာတရားတွေက နိုင်ငံအကြီးအမှူးတွေကိုယ်တိုင် ကာကွယ်ပေးထားတဲ့ သိပ္ပံယောင်မူကြိုတွေပဲ၊ ဘာသာတရားတွေက ဒီဇာတ်ကောင်နေရာကိုကဖို့ အကြောင်းပြချက်မရှိပေမယ့်ပေါ့။ ရှေးပဝေသဏီတုန်းကနေ ကြွင်းကျန်ရစ်တဲ့အမွေလို့ ပြောလို့ရတယ်။ နိုင်ငံတစ်ချို့မှာ လူတိုင်းဗေဒင်နက္ခတ်နဲ့ အတိတ်နိမိတ်တွေကိုယုံကြတယ်၊ အစိုးရခေါင်းဆောင်တွေအပါအဝင်ပဲ။ ဒါပေမယ့်ဒါက ဘာသာရေးကသွပ်သွင်းပေးထားတာမဟုတ်ပဲ ဒီကျင့်စဉ်တွေနဲ့ လူတိုင်းအသားကျနေတဲ့ ယဉ်ကျေးမှုတစ်ခုလုံးကနေပေါ်ထွက်လာတယ်၊ ထောက်ခံပေးမယ့်ကိုယ်တွေ့ဖြစ်ရပ်တွေကလည်း နေရာတိုင်းမှာရှိတယ်။

ဒီစာအုပ်မှာကျွန်တော်ထည့်ပြမယ့် ဖြစ်ရပ်အတော်များများက အမေရိကားကလာတယ်။ ဘာလို့လဲဆိုတော့ ဒီဖြစ်စဉ်တွေကို ကျွန်တော်ကောင်းကောင်းသိလို့။ သိပ္ပံယောင်နဲ့ မှော်ကိုးကွယ်မှုတွေက တခြားနေရာထက် အမေရိကားမှာပိုဖြစ်နေလို့တော့မဟုတ်ဘူး။ စိတ်ဖြစ်ဟော ဇွန်းတွေကိုစိတ်နဲ့ကွေးသူ ကမ္ဘာ့ပြင်ပဆက်သွယ်သူ Uri Geller က အစ္စရေးမှာရှိတယ်။ အယ်လ်ဂျေးရီးယန်း မွတ်ဆလင်ဘာသာရေးဝါဒီတွေနဲ့ ဘာသာရေးကင်းလွတ်ဝါဒီတွေကြား တင်းမာမှုမြင့်တက်လာတဲ့အခါ လူတွေကနိုင်ငံထဲက အကြားအမြင်ဆရာ၊ ရှေ့ဖြစ်ဟောဆရာ ၁၀၀၀၀ လောက် (တစ်ဝက်လောက်က အစိုးရလိုင်စင်ရှိတယ်) ကိုကြိတ်ပြီးတိုင်ပင်ကြတယ်။ ပြင်သစ်သမ္မတဟောင်းအပါအဝင် အစိုးရလူကြီးတွေက လေထဲကနေ ဆီတွင်းနေရာရှာမယ့် ရိုက်စားလုပ်ကွက် (Elf-Aquitaine အရှုပ်တော်ပုံ)ထဲကို ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့ကြတယ်။ ဂျာမနီမှာ သိပ္ပံနဲ့မတိုင်းတာနိုင်ပဲ သမ္ဘာရင့်ခက်ရင်းခွတုတ်သုံးရှာဖွေသူတွေပဲတွေ့နိုင်တဲ့ ကင်ဆာဖြစ်စေတဲ့"ကမ္ဘာ့ရောင်ခြည်" တွေအကြောင်း စိုးရိမ်ပူပန်နေကြတယ်။ ဖိလပ်ပိုင်မှာ "စိတ်စွမ်းအင်သုံးခွဲစိတ်မှု" ထွန်းကားနေတယ်။ ဗြိတိန်မှာ သရဲတစ္ဆေတွေက တနိုင်ငံလုံးရဲ့သည်းပွတ်ပဲ။ ဒုတိယကမ္ဘာစစ်ကနေစပြီး ဂျပန်မှာ သဘာဝလွန်ပါတဲ့ ဘာသာတရားအသစ်တွေ မှိုလိုပေါက်လာတယ်။ ဂျပန်မှာ အနာဂတ်ဟောသူပေါင်း တစ်သိန်းလောက်ရှိပြီး ငယ်ငယ်ရွယ်ရွယ်မိန်းကလေးပရိသတ်တွေများတယ်။ ၁၉၉၅ မတ်လတုန်းက တိုကျိုမြေအောက်ရထားစနစ်ထဲကို ဆာရင်အဆိပ်ငွေ့တွေလွှတ်ခဲ့တဲ့ထဲမှာ ပါဝင်ပတ်သတ်နေတယ်လို့ဆိုကြတဲ့ Aum Shinrikyo လို့ခေါ်တဲ့ဂိုဏ်းကွဲတစ်ခုက သူတို့ယုံကြည်မှုထဲမှာ လေပေါ်ပျံတာ၊ ယုံကြည်မှုနဲ့ရောဂါကုတာ၊ ESP (ဝိဉာဏ်လွှင့်တာ) တွေပါဝင်တယ်။ ဒီဂိုဏ်းနောက်လိုက်တွေက သူတို့ခေါင်းဆောင် Asahara ရေချိုးတဲ့ "အံ့ဖွယ်ရေကန်"ထဲကရေကို ဈေးကြီးကြီးပေးပြီးသောက်ကြတယ်။ ထိုင်းမှာ ကျမ်းစာကိုမီးလောင်ပြာချပြီးထုတ်ထားတဲ့ ဆေးလုံးတွေနဲ့ ရောဂါကုကြတယ်။ တောင်အာဖရိကမှာ "စုန်းမ"တွေကို ဒီနေ့ထိမီးရှို့နေတုန်းပဲ။ ဟေတီမှာ အော်စတြီးယားငြိမ်းချမ်းရေးတပ်တွေက သစ်ပင်မှာကြိုးချည်ထားတဲ့ မိန်းမတစ်ယောက်ကို ကယ်တင်ခဲ့ရတယ်၊ သူ့ကိုစွပ်စွဲချက်က ကလေးတွေသွေးကိုသောက်ပြီး အိမ်ခေါင်မိုးတွေကို ခုန်ကူးနေတယ်ဆိုပြီး။ အိန္ဒိယမှာ နက္ခတ်ဗေဒင်ထူပြောတယ်၊ တရုတ်မှာ အင်းချတာပျံ့နှံ့နေတယ်။

လတ်တလောကမ္ဘာလုံးဆိုင်ရာသိပ္ပံယောင်ထဲမှာ ချိန်ကြည့်လိုက်ရင် အအောင်မြင်ဆုံးက ဘာသာရေးတစ်ခုတောင်ဖြစ်နေပြီဖြစ်တဲ့ ဟိန္ဒူကောင်းကင်တရားထိုင်နည်း (transcendental meditation, TM) ဖြစ်လိမ့်မယ်။ သူ့ရဲ့တည်ထောင်သူတဖြစ်လဲ ဘာသာရေးခေါင်းဆောင် Maharishi Mahesh Yogi ရဲ့အိပ်ငိုက်ချင်စရာကောင်းတဲ့ သြဝါဒတွေကို အမေရိကားကတီဗွီထဲမှာတွေ့နိုင်တယ်။ ယောဂပုံစံထိုင်နေတဲ့ ဆံပင်နက်ထဲမှာဆံပင်ဖြူဟိုတစ်စဒီတစ်စနဲ့ ပန်းကုံးတွေ၊ ပန်းဆက်တွေကြားမှာ ကြည့်လို့တော့ကောင်းတယ်။ တစ်နေ့ချန်နယ်တွေလျှောက်ကြည့်နေရင်း သူ့ပုံစံကိုတွေ့လိုက်ရတယ်။ ကျွန်တော်တို့သားက "သူဘယ်သူလဲဆိုတာသိလား" လို့မေးပြီးတော့ပြောတယ် "သူက နတ်ဘုရား"။ ကမ္ဘာလုံးဆိုင်ရာ TM အဖွဲ့အစည်းရဲ့ ခန့်မှန်းတန်ဖိုးက ဒေါ်လာသန်းသုံးထောင်ရှိတယ်။ အဖိုးအခတစ်ခုနဲ့ သူတို့ကသင့်ကို နံရံတွေဖြတ်လျှောက်နိုင်အောင်၊ ကိုယ်ပျောက်နိုင်အောင်၊ လေပေါ်ပျံနိုင်အောင်လုပ်ပေးမယ်လို့ ကတိပေးတယ်။ သူတို့အားလုံးရဲ့အတွေးတွေကိုစုစဉ်းပြီးတော့ ဝါရှင်တန်ဒီစီက ဒုစရိုက်နှုန်းကိုလျှော့ချနိုင်တယ်၊ ဆိုဗီယက်ပြည်ထောင်စုကိုပြိုကွဲစေခဲ့တယ်၊ တခြားဘာသာရေးနဲ့မဆိုင်တဲ့အံ့ဖွယ်ဖြစ်ရပ်တွေကိုလည်း လုပ်နိုင်ခဲ့တယ်လို့သူတို့ဆိုတယ်။ ဒီအဆိုတွေအတွက် သက်သေသက္ကာရ တမှုန်တလေတောင်မရှိဘူး။ TM က ရိုးရာဆေးဝါးတွေရောင်းတယ်၊ ကုန်သွယ်ရေးကုမ္ပဏီတွေ၊ ဆေးပေးခန်းတွေ၊ "သုတေသန"တက္ကသိုလ်တွေပိုင်တယ်၊ နိုင်ငံရေးထဲကိုဝင်တာမအောင်မြင်သေးဘူး။ သူတို့ရဲ့ခန့်ညားနှစ်လိုဖွယ်ကောင်းတဲ့ခေါင်းဆောင်၊ အသိုက်အဝန်းဖန်တီးပေးဖို့ကတိ၊ အဖိုးအခနဲ့တကယ်ယုံကြည်မှုသာရရင် မှော်စွမ်းအင်တွေပေးဖို့ကမ်းလှမ်းတာတွေက ဘာသာရေးအဖြစ်ဟန်ဆောင်ထားတဲ့ သိပ္ပံယောင်တွေမှာတွေ့ရလေ့ရှိတဲ့ အမှတ်သညာတွေပဲ။

ပြည်သူ့ထိန်းချုပ်မှုနဲ့ သိပ္ပံနည်းကျပညာရေးကို လက်လွှတ်မိတဲ့အခါတိုင်း သိပ္ပံယောင်ကထကြွလာတယ်။ Hitler အာဏာရဖို့နီးလာတော့ Leon Trotsky ကဂျာမနီအတွက်ပြောခဲ့တယ် (၁၉၃၃ ဆိုဗီယက်ပြည်ထောင်စုအတွက်လဲ အလားတူပြောလို့ရလိမ့်မယ်)။

အောက်ခြေလူတန်းစားတွေအိမ်မှာတင်မက မြို့ပြမိုးမျှော်တိုက်တွေထဲက ၂၀ ရာစုထဲမှာ ၁၃ ရာစုကလဲ ရှင်သန်နေတယ်။ လူပေါင်း သန်း ၁၀၀ လျှပ်စစ်ဓာတ်ကိုသုံးနေစဉ်မှာပဲ သင်္ကေတတွေနဲ့ မကောင်းဆိုးဝါးနှင်တာတွေကို ယုံကြည်နေကြပြန်တယ်...ရုပ်ရှင်စတားတွေက ဝိဉာဏ်ဆက်သွယ်သူတွေဆီသွားတယ်၊ လူသားတွေပြောင်မြောက်စွာဖန်တီးထားတဲ့ စက်ပစ္စည်းတွေကိုထိန်းချုပ်နေတဲ့ လေယာဉ်မှုးတွေက သူတို့ဆွယ်တာမှာ အဆောင်တွေကပ်ထားတယ်။ အဝိဇ္ဇာ အမိုက်မှောင် အရိုင်းဆန်မှု ဘယ်လောက်တောင်ရှိနိုင်မလဲ။

ရုရှားကသိသာတဲ့ဥပမာပဲ။ Tsar တွေလက်ထက်မှာ အယူသီးမှုကိုအားပေးပြီး သိပ္ပံနည်းကျသံသယစိတ်နဲ့တွေးခေါ်မှုကို သိပ္ပံပညာရှင်တစ်ချို့ကလွဲပြီး ကြမ်းကြမ်းတမ်းတမ်းဖယ်ရှားခဲ့တယ်။ ကွန်မြူနစ်စနစ်အောက်မှာ နိုင်ငံဘာသာတစ်ခုကလွဲပြီး ဘာသာရေးရော သိပ္ပံယောင်ရော စနစ်ကျကျဖိနှိပ်ခံခဲ့ရတယ်။ ဒါကိုသိပ္ပံနည်းကျတယ်လို့ကြော်ငြာခဲ့ပေမယ့် ထင်ရာစိုင်းတဲ့မှော်ဂိုဏ်းတွေလိုပဲ ဒီလိုဖြစ်ဖို့အတော်အလှမ်းဝေးတယ်။ ဝေဖန်ဆန်းစစ်သုံးသပ်တာဟာ အလုံပိတ်လေ့လာရေးအခန်းတွေထဲက သိပ္ပံပညာရှင်တွေကလွဲပြီး အန္တရာယ်များတယ်လို့ သတ်မှတ်ခံခဲ့ရတယ်၊ ကျောင်းတွေမှာမသင်ဘူး၊ အဲ့လိုပြုမူရင်အပြစ်ပေးခံရတယ်။ ရလာဒ်အဖြစ် ကွန်မြူနစ်ဝါဒအလွန်မှာ ရုရှားတော်တော်များများက သိပ္ပံကိုသံသယအမြင်နဲ့ကြည့်ကြတယ်။ ပိတ်ဆို့ထားတာတွေကိုဖွင့်လိုက်တော့ မျိုးနွယ်စုအမုန်းတရားတွေလိုပဲ အောက်မှာလောင်မြိုက်နေတာတွေက အပေါ်ကိုတက်လာတယ်။ အဲ့ဒီ့ဒေသမှာအခုဆို UFO တွေ၊ ပုဏ္ဏကတွေ၊ စိတ်စွမ်းအင်နဲ့ကုသသူတွေ၊ ရမ်းကုဆေးဝါးတွေ၊ မှော်ဝင်ရေတွေနဲ့ ရှေးရိုးအယူသီးမှုတွေပြည့်နေတယ်။ ပျမ်းမျှသက်တမ်း သြချရလောက်အောင်တိုတောင်းလာတာ၊ ကူးစက်ရောဂါတဟုန်ထိုးတိုးလာတာ၊ စံမဝင်တဲ့ဆေးကုသမှုတွေနဲ့ ကာကွယ်ဆေးသုံးရမှန်းမသိတာတွေက တဖြည်းဖြည်းတွယ်ရာမဲ့ဖြစ်လာတဲ့ လူဦးရေအတွက် သံသယစိတ်ဖြစ်ဖို့အခြေအနေကို ခက်ခဲသထက်ခက်ခဲစေတယ်။ ဒီစာကိုရေးနေတုန်းပဲ ဒူးမားဒေသရဲ့ ရွေးကောက်ပွဲမှာနာမည်အကြီးဆုံး၊ မဟာမျိုးချစ်ဝါဒီ Vladimir Zhirinovsky ရဲ့အမာခံထောက်ခံသူ Anatoly Kashpirovsky က စိတ်နဲ့ကုသသူတစ်ယောက်− အူကျရောဂါကနေ AIDS အထိ တီဗွီမျက်နှာပြင်ကနေကြည့်ပြီး အဝေးရောက်ကုပေးတယ်။ သူ့မျက်နှာက ရပ်နေတဲ့နာရီကိုတောင် ပြန်သွားစေနိုင်တယ်။

တရုတ်မှာလည်း ဆင်တူအဖြစ်မျိုးရှိတယ်။ Mao Zedong ဆုံးပါးပြီး ဈေးကွက်စီးပွားရေးတဖြည်းဖြည်းပေါ်လာတော့ UFO တွေ၊ ဝိညာဏ်ဆက်သွယ်တာတွေနဲ့ တခြားအနောက်တိုင်းသိပ္ပံယောင်ပုံစံတွေ ထွက်ပေါ်လာတယ်၊ သူနဲ့အပြိုင် ရှေးဟောင်းတရုတ်အလေ့အကျင့်တွေဖြစ်တဲ့ ဘိုးဘွားကိုးကွယ်တာ၊ ဗေဒင်နက္ခတ်နဲ့ ရှေ့ဖြစ်ဟောတာ− အထူးသဖြင့် ပန်းပွင့်ချောင်းတွေပစ်ပြီး ပေါ်လာတဲ့ပုံစံကိုဖတ်ရတဲ့ I Ching လိုမျိုးဗားရှင်းတွေလည်းပေါ်လာတယ်။ အစိုးရသတင်းစာက တမ်းချင်းချတယ် "ပဒေဿရစ်အတွေးအခါ်ရဲ့ အယူသီးမှုက ကျွန်ုပ်တို့တောရွာတွေမှာ ပြန်လည်ထွန်းကားနေပြီ"။ အဲ့ဒါက မြို့ပေါ်ထက် တောဘက်ကဒဏ်ရာတွေဖြစ်ခဲ့တယ် (ဖြစ်နေတုန်းပဲ)။

"အထူးစွမ်းအင်" တွေပိုင်ဆိုင်တဲ့လူတွေက နောက်လိုက်တွေအများကြီးရကြတယ်။ သူတို့ပြောတာက သူတို့က ချီ လို့ခေါ်တဲ့ "စကြဝဠာရဲ့စွမ်းအင်စက်ကွင်း" ကိုသူတို့ကိုယ်ခန္တာကနေလွှင့်ပြီးတော့ ကီလို ၂၀၀၀ လောက်ဝေးတဲ့နေရာက ဓာတုပစ္စည်းရဲ့ မော်လီကျူးဖွဲ့စည်းမှုကို ပြောင်းလဲနိုင်တယ်၊ ဂြိုလ်သားတွေနဲ့ဆက်သွယ်နိုင်တယ်၊ ရောဂါတွေကုသနိုင်တယ်လို့ဆိုကြတယ်။ ဒီလိုမျိုး "ချီဂွေါင်းဆရာ"တွေထဲကတစ်ယောက်ရဲ့ ဝတ်ပြုအခမ်းအနားတစ်ခုမှာ လူနာတချို့သေဆုံးခဲ့ပြီးတော့ ဆရာကအဖမ်းခံလိုက်ရပြီး ၁၉၉၃ မှာထောင်နန်းစံလိုက်ရတယ်။ Wang Hongcheng ခေါ်အပျော်တမ်းဓာတုဗေဒသမားတစ်ယောက်က ရေထဲကိုနည်းနည်းထည့်ရောလိုက်တာနဲ့ ရေကနေ ဆီ၊ ဒါမှမဟုတ်အလားတူကိုပြောင်းပေးနိုင်တဲ့ အရည်တစ်မျိုးကိုဖန်တီးနိုင်ပြီလို့ကြေငြာခဲ့တယ်။ ကာလတစ်ခုကြာအထိ သူ့ကိုစစ်တပ်နဲ့လျှို့ဝှက်ရဲတပ်ဖွဲ့က ထောက်ပံ့ပေးထားပြီးတော့ သူ့တီထွင်မှုက အလိမ်အညာမှန်းပေါ်သွားတော့ ဖမ်းပြီးထောင်ထဲထည့်လိုက်တယ်။ သဘာဝကျကျပါပဲ အရပ်ထဲမှာပြန့်နေတာကတော့ သူကအလိမ်ပေါ်သွားတာကြောင့် ကြိတ်ခံလိုက်ရတာမဟုတ်ပဲ သူ့"လျှို့ဝှက်ဖော်မြူလာ"ကို အစိုးရကိုဖွင့်မချပေးလို့ဆိုပြီး။ (အမေရိကားမှာလည်း အလားတူပုံပြင်တွေ ဆယ်စုနှစ်နဲ့ချီပြီးရှိတယ်၊ များသောအားဖြင့် အစိုးရနေရာမှာ ဆီ၊ ကားကုမ္ပဏီကြီးတခုခုနဲ့ အစားထိုးပြီးတော့ပေါ့။) အာရှကြံ့တွေက မျိုးတုံးလုဖြစ်နေပြီ၊ ဘာလို့လဲဆိုတော့ သူတို့ချိုတွေကို အမှုန့်ကြိတ်လိုက်ရင် ပန်းသေတာကိုကာကွယ်နိုင်တယ် ဆိုပြီးပြောကြတော့ အရှေ့အာရှမှာဈေးကွက်ကောင်းဖြစ်နေတယ်လေ။

တရုတ်အစိုးရနဲ့ တရုတ်ကွန်မြူနစ်ပါတီက ဒီအဖြစ်အပျက်တွေကနေ စိုးရိမ်မကင်းဖြစ်လာတယ်။ ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှာ အောက်ကစာသားတွေပါတဲ့ ပူးတွဲကြေငြာချက်တစ်ခုကို ထုတ်ပြန်ခဲ့တယ်−

လွန်ခဲ့သောနှစ်အတွင်း လူထုသိပ္ပံပညာရေးသည် ချိနဲ့နေခဲ့သည်။ တချိန်တည်းမှာပင် အယူသီးခြင်း၊ ဉာဏ်နည်းခြင်းတို့ များပြားလာသည်။ ထို့ကြောင့် လူထုသိပ္ပံပညာရေးကိုမြှင့်တင်ရန်အတွက် ထိရောက်သောစီမံချက်များ အမြန်လုပ်ဆောင်ရန်လိုအပ်သည်။ သိပ္ပံနှင့်နည်းပညာအကြောင်း လူထု၏ပညာရေးအဆင့်အတန်းသည် နိုင်ငံ့သိပ္ပံထွန်းကားမှု၏ အရေးကြီးသောပြယုဒ်တစ်ခုဖြစ်သည်။ စီးပွားရေးတိုးတက်မှု၊ သိပ္ပံဖွံ့ဖြိုးမှုနှင့် လူမှုအသိုင်းအဝိုင်းရှေ့ရောက်မှုတို့ အားလုံးအတွက်အရေးပါသော အရာတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့ဆိုရှယ်လစ်နိုင်ငံအား ခေတ်မီသောနိုင်ငံတစ်ခုဖြစ်လာရေး ဗျူဟာ၏အစိတ်အပိုင်းတစ်ခုအဖြစ်သော်လည်းကောင်း၊ တိုင်းပြည် စည်ပင်ဖွံ့ဖြိုးရန်အတွက်သော်လည်းကောင်း ထိုကဲ့သို့သောလူထုပညာရေးကို အာရုံစိုက်၍အကောင်အထည်ဖော်ရမည်။ မသိနားမလည်ခြင်းသည် ဆိုရှယ်လစ်မဟုတ်၊ ဆင်းရဲခြင်းသည်လည်း ဆိုရှယ်လစ်မဟုတ်ပေ။

ဒီတော့ အမေရိကားကသိပ္ပံယောင်က တစ်ကမ္ဘာလုံးရဲ့ trend ဖြစ်နေတယ်။ ဒီဟာရဲ့အကြောင်းတရား၊ အန္တရာယ်၊ စစ်ဆေးတာနဲ့ ကုသတာတွေက နေရာတိုင်းမှာအတူတူလောက်ဖြစ်မယ်။ ဒီမှာစိတ်စွမ်းအားရှင်တွေက တီဗွီကြော်ငြာရှည်တွေမှာ ဖျော်ဖြေသူတွေရဲ့ပံ့ပိုးမှုနဲ့ သူတို့အတတ်တွေကိုထုတ်ပြကြတယ်။ သူတို့မှာ "စိတ်စွမ်းအားရှင်မိတ်ဆွေများကွန်ရက်" ဆိုတဲ့ကိုယ်ပိုင်ချန်နယ်ရှိတယ်၊ နှစ်စဉ်လူပေါင်းတစ်သန်းလောက်ဝင်ကြည့်ပြီး နေ့စဉ်ဘဝတွေမှာသူတို့လမ်းညွှန်တာတွေကို အသုံးချကြတယ်။ ကော်ပိုရေးရှင်းကြီးတွေက အမှုဆောင်အရာရှိတွေ၊ စီးပွားရေးဆန်းစစ်သူတွေ၊ ရှေ့နေတွေ၊ ဘဏ်သမားတွေအတွက် ဘယ်လိုအကြောင်းအရာမဆိုအကြံပေးဖို့အဆင်သင့်ရှိတဲ့ ဗေဒင်ဆရာ၊ ဟူးရား၊ စိတ်စွမ်းအားရှင်တွေမျိုးစိတ်က သပ်သပ်ရှိတယ်။ "လူတွေဘယ်လောက်၊ အထူးသဖြင့် သူဌေးကြီးတွေနဲ့ အာဏာရှိသူတွေ ဘယ်နှစ်ယောက်လောက် စိတ်စွမ်းအားရှင်တွေဆီသွားနေလဲဆိုတာသာ လူတွေသိရင် သူတို့မေးရိုးကြမ်းပြင်ပေါ်ပြုတ်ကျလိမ့်မယ်" အိုဟိုင်းရိုးပြည်၊ ကလိဗ်လန်းကစိတ်စွမ်းအားရှင်တစ်ယောက်ကဆိုတယ်။ အရင်တုန်းက စိတ်စွမ်းအားအလိမ်အညာတွေက မင်းမျိုးမင်းနွယ်တွေအတွက် ပျော့ကွက်ဖြစ်ခဲ့တယ်။ ရှေးခေတ်တရုတ်နဲ့ ရောမမှာ ဗေဒင်နက္ခတ်က အင်ပါယာရှင်အတွက် သီးသန့်ဖြစ်ခဲ့တယ်၊ ဒါကိုကိုယ့်အတွက်အသုံးချရင် ကြီးလေးတဲ့ရာဇဝတ်မှုအဖြစ်သတ်မှတ်ခဲ့တယ်။ အထူးအယုံလွယ်တဲ့ တောင်ကယ်လီဖိုးနီးယားပတ်ဝန်းကျင်က ထွက်လာတဲ့ Nancy နဲ့ Ronald Reagan က ပုဂ္ဂိုလ်ရေးနဲ့ တိုင်းပြည်ကိစ္စတွေအတွက် ဗေဒင်ဆရာတစ်ယောက်ကိုမီခိုခဲ့တယ်၊ မဲပေးတဲ့ပြည်သူတွေကတော့ မသိဘူးပေါ့။ လူသားမျိုးနွယ်အနာဂတ်ကို သက်ရောက်မှုရှိနိုင်တဲ့ဆုံးဖြတ်ချက်တွေရဲ့ တစ်စိတ်တစ်ပိုင်းက ဆရာယောင်၊ သမားယောင်တွေလက်ထဲမှာရှိနေခဲ့တယ်။ ဒီလိုဟာမျိုးက အမေရိကားမှာနည်းသေးတယ်လို့ ပြောရမယ်၊ ဒါက တစ်ကမ္ဘာလုံးမှာဖြစ်နေတာ။

သိပ္ပံယောင်တစ်ချို့ကရယ်စရာကောင်းတယ်လို့ထင်ရပေမယ့်၊ အယုံလွယ်သူတွေကိုထောင်ချောက်ဆင်ထားတဲ့ ဒီလိုမျိုးလှည့်ကွက်တွေထဲ ကျွန်တော်တို့မကျနိုင်ဘူးလို့ထင်ရပေမယ့် ပတ်ဝန်းကျင်မှာအမြဲတမ်းဖြစ်နေတယ်။ ကောင်းကင်တရားထိုင်တာနဲ့ Aum Shinrikyo က အောင်မြင်ပေါက်ရောက်တဲ့ လူတော်တော်များများကို ဆွဲဆောင်နိုင်ခဲ့တယ်၊ သူတို့ထဲမှာ ရူပဗေဒနဲ့ အင်ဂျင်နီယာဆိုင်ရာ အဆင့်မြင့်ဘွဲ့တွေရထားတဲ့ လူတစ်ချို့လည်းပါတယ်။ ဒါကလူပြိန်းတွေအတွက်လမ်းစဉ်မဟုတ်ဘူး။ တစ်ခြားတခုခုတော့ဖြစ်နေပြီ။

နောက်ပြီးတော့ ဘာသာတရားတွေကဘာလဲ၊ ဘယ်လိုစဖြစ်လာလဲဆိုတာ စိတ်မဝင်စားတဲ့သူတွေက ဒါတွေကိုလျစ်လျူရှုနိုင်တယ်။ ဒေသတွင်းအခြေပြု သိပ္ပံယောင်တစ်ခုနဲ့ ကမ္ဘာ့ဘာသာတရားတစ်ခုကြားမှာ အတားအဆီးအကြီးကြီးရှိမယ်ထင်ရပေမယ့် နံရံကပါးပါးလေးပဲရှိတယ်။ ကမ္ဘာကြီးက ဖြေရှင်းလို့မရနိုင်သလောက်ရှိတဲ့ ပြဿနာတွေအများကြီးပေးတယ်။ ဒါကိုဖြေရှင်းဖို့နည်းလမ်းမျိုးစုံကမ်းလှမ်းကြတယ်၊ တချို့ကကမ္ဘာသိအမြင် အရမ်းကျဉ်းမြောင်းတယ်၊ တချို့ကဟန်ဆောင်ပန်ဆောင်များတယ်။ ဒါဝင်ရဲ့သဘာဝရွေးချယ်မှု (natural selection) သဘောတရားအရ တချို့အယူဝါဒတွေက အချိန်ကာလတစ်ခုကြာရှင်သန်ပြီး တချို့ကမြန်မြန်ကွယ်ပျောက်သွားတယ်။ ဒါပေမယ့်တစ်ခါတစ်ရံအနည်းစု− သမိုင်းကိုကြည့်ရင်− သိပ္ပံကိုအလွဲသုံးစားလုပ်တာတွေ၊ သိပ္ပံယောင်တွေ၊ အယူသီးမှု (ခေတ်သစ်ရော ခေတ်ဟောင်းရော)ကနေ ကျမ်းစာတွေကိုအခြေခံတဲ့ ဘာသာတရားအဆန်းတစ်ခုရဲ့ ကြားထဲမှာ ဘာကဘာလဲဆိုတာမကွဲပြားဘူး။ ဒီစာအုပ်မှာ "ကျင့်စဉ်ဂိုဏ်း" ဆိုတဲ့အသုံးအနှုန်းကို ဘာသာရေးဆိုင်ရာ မနှစ်မြို့တဲ့အဓိပ္ပာယ်နဲ့မသုံးပဲ ဉာဏ်အသိရဲ့ပြယုဒ်ကိုရောက်ဖို့ကြိုးစားပါတယ်။ သူတို့သိတယ်လို့ပြောတာတွေကို သူတို့တကယ်ရောသိရဲ့လား။ လူတိုင်းကတော့ သူ့ဟာသူဆရာကျနေတာကိုတွေ့ရတယ်။

တချို့အပိုဒ်တွေမှာ ကျွန်တော်နတ်ဘုရားတွေများနေတာကို ဝေဖန်ပါမယ်၊ ဘာလို့လဲဆိုတော့ အဆုံးစွန်လိုက်ရင် သိပ္ပံယောင်နဲ့ ခိုင်မာတဲ့ဘာသာရေးအယူဝါဒကို ခွဲခြားဖို့ခက်တယ်။ ဒါပေမယ့် အရင်ဆုံးအသိအမှတ်ပြုလိုတာက ကျယ်ပြန့်ကွဲပြားရှုပ်ထွေးတဲ့ ဘာသာရေးအတွေးအခေါ်တွေနဲ့ နှစ်ထောင်ချီတဲ့ကျင့်စဉ်တွေ၊ လစ်ဘရယ်ဘာသာရေးထွန်းကားမှုတွေနဲ့ လွန်ခဲ့တဲ့ရာစုနှစ်အတွင်း ခရစ်ယာန်ကျောင်းခွဲတွေ၊ ပရိုတက်စတင့်ပြန်လည်ပြုပြင်ရေး၊ ဂျူးဝါဒပြန်လည်ပြုပြင်ရေး၊ ဗာတီကန် ၂၊ သမ္မာကျမ်းစာကိုအဆင့်မြင့်ဆန်းစစ်ခြင်း စတာတွေလိုမျိုးထွန်းကားလာတာတွေက ဘာသာရေးက (အောင်မြင်မှုအတိုင်းအတာမျိုးစုံနဲ့) သူ့ရဲ့အပိုဆာဒါးတွေကို တိုက်ဖျက်တာတွေဖြစ်လာတယ်။ ဒါပေမယ့်သိပ္ပံယောင်တွေကိုငြင်းခုန်ဖို့၊ လူသိရှင်ကြားဆွေးနွေးဖို့ကိုဝန်လေးတဲ့ သိပ္ပံပညာရှင်တွေအများကြီးရှိသလိုပဲ ပုံမှန်ဘာသာရေးသမားတွေက ရှေးရိုးစွဲသမားတွေ၊ ဘာသာရေးအယူဝါဒပြင်းထန်သူတွေနဲ့ ထိပ်တိုက်တွေ့ဖို့ဝန်လေးကြတယ်။ ဒီအတိုင်းပဲဆက်သွားရင် ကစားကွက်တစ်ခုလုံးက သူတို့ဟာဖြစ်သွားလိမ့်မယ်၊ အငြင်းအခုန်ကသူတို့နိုင်ဖို့ဖြစ်သွားလိမ့်မယ်။

ဘာသာရေးခေါင်းဆောင်တစ်ယောက်က ဘာသာတရားမှာ "စည်းကမ်းရှိတဲ့စည်းလုံးမှု"ကို ဆန္ဒရှိတယ်လို့ကျွန်တော့်ဆီကို စာရေးတယ်..

ကျွန်ပ်တို့ စိတ်ခံစားချက်နောက် လိုက်လွန်းခဲ့ကြလေပြီ...တစ်ဖက်တွင်အကြွင်းမဲ့ကိုးကွယ်မှုနှင့် ပေါပါပဲပဲစိတ်လှည့်ဖျားမှု၊ တခြားတစ်ဖက်တွင် မာနကြီးမှုနှင့် စာအုပ်ကြီးနောက်လိုက်လွန်းမှုတို့က စစ်မှန်သောဘာသာရေးဖြင့်နေထိုင်ခြင်းကို မမှတ်မိနိုင်တော့လောက်အောင် ပုံရိပ်ပျက်ပြားစေသည်။ တခါတရံ ကျွန်ုပ်စိတ်ပျက်လက်ပျက်ဖြစ်မိသည်၊ သို့သော်ကျွန်ုပ်အမြဲတမ်းမျှော်လင့်ချက်ကိုဆုပ်ကိုင်ထားသည်...ရိုးသားသောဘာသာတရားသည် သူ၏အမည်ကိုအသုံးချ၍ ပုံဖျက်မှု၊ ပေါက်ကရလုပ်မှုများကြားတွင် ဝေဖန်ခံနေရလေပြီ၊ သင့်တင့်သောသံသယစိတ်ကို အားပေးခြင်းက သူကိုယ်တိုင်အတွက်ပါ အကျိုးဖြစ်ထွန်းစေမည်...ဘာသာတရားနှင့်သိပ္ပံတို့ ထိထိရောက်ရောက်လက်တွဲ၍ သိပ္ပံယောင်ကိုတိုက်ဖျက်နိုင်ရန် အလားအလာရှိသည်။ ထူးဆန်းစွာပင် ထိုပူးပေါင်းမှုက ဘာသာရေးအယောင်များကိုပါ တိုက်ဖျက်နိုင်လိမ့်မည်ဟု ကျွန်ုပ်ခံယူသည်။

သိပ္ပံယောင်က သိပ္ပံအမှားနဲ့ကွာခြားတယ်။ သိပ္ပံက အမှားတွေကနေ ထွန်းကားလာတယ်၊ သူတို့ကို တစ်ခုပြီးတစ်ခု ပယ်သတ်ရင်းနဲ့ပေါ့။ အချိန်တိုင်းပဲ မှားယွင်းတဲ့ကောက်ချက်ဆွဲမှုတွေကဖြစ်နေတယ်၊ ဒါပေမယ့် ဒါတွေကအစမ်းသဘောနဲ့ ကောက်ချက်ဆွဲထားတာတွေဖြစ်တယ်။ အနုမာန (hypotheses) တွေက သူတို့ကိုမှားတယ်လို့သက်သေပြနိုင်အောင် ပုံစံချထားတာဖြစ်တယ်။ မတူတဲ့အနုမာနတွေကိုတစ်ခုပြီးတစ်ခု လက်တွေ့စမ်းသပ်ချက်တွေ၊ တွေ့ရှိချက်တွေနဲ့ ချိန်ထိုးပြီးဆန်းစစ်တယ်။ သိပ္ပံကပိုကောင်းတဲ့နားလည်မှုဆီကို စမ်းတဝါးဝါးနဲ့ ဒယီးဒယိုင်သွားနေတာဖြစ်တယ်။ သိပ္ပံအနုမာနတစ်ခုကို မှားယွင်းကြောင်းသက်သေပြလိုက်နိုင်ရင် ပိုင်ရှင်ကတော့ခံရခက်တာပေါ့၊ ဒါပေမယ့် ဒီသက်သေပြချက်တွေက သိပ္ပံနယ်ပယ်မှာပဓာနဖြစ်ကြောင်း လက်ခံထားကြတယ်။

သိပ္ပံယောင်ကတော့ ဆန့်ကျင်ဘက်ပဲ။ သူတို့အနုမာနတွေက မှားယွင်းကြောင်းသက်သေပြနိုင်ဖို့ အလားအလာရှိတဲ့ ဘယ်လိုစမ်းသပ်ချက်မဆို မထိုးဖောက်နိုင်အောင် ပုံစံချထားတယ်၊ ဒီတော့သဘောတရားအရတောင် ပယ်ဖျက်ဖို့မဖြစ်နိုင်ဘူး။ ကျင့်သုံးသူတွေက စိုးရိမ်စိတ်နဲ့ အထိမခံနိုင်ဖြစ်ကြတယ်။ သံသယနဲ့ဝေဖန်ဆန်းစစ်ချက်တွေကို ဆန့်ကျင်တယ်။ သိပ္ပံယောင်အနုမာနက သိပ္ပံပညာရှင်တွေနဲ့ ကီးမကိုက်တဲ့အခါ ယုံတမ်းပုံပြင်တွေနဲ့ဖိနှိပ်ဖို့ကြိုးစားတယ်။

ကျန်းမာရေးကောင်းတဲ့သူတွေမှာ ကိုယ်ခန္ဓာလှုပ်ရှားမှုက ပြီးပြည့်စုံသလောက်ပဲ။ ကျွန်တော်တို့ ကလေးအရွယ်ကလွဲပြီး လမ်းလျှောက်ရင်း လဲကျတာမရှိသလောက်ပဲ။ စက်ဘီးစီးတာ၊ စကိတ်စီးတာ၊ ကြိုးခုန်တာ၊ ကားမောင်းတာလိုမျိုး လုပ်ဆောင်ချက်တွေကိုသင်ယူနိုင်ပြီး တစ်ဘဝလုံးမှတ်ထားနိုင်တယ်။ ဆယ်စုနှစ်တစ်ခုလောက် မလုပ်ပဲနေရင်တောင် အသာအယာပြန်မှတ်မိတယ်။ ရုပ်ခန္ဓာလှုပ်ရှားမှုရဲ့ တိကျမှုနဲ့ မှတ်မိနိုင်စွမ်းက ကျွန်တော်တို့ရဲ့တခြားစွမ်းဆောင်ရည်တွေကို မှားယွင်းပြီး ယုံကြည်မှုလွန်ကဲတာမျိုးဖြစ်စေတယ်။ ကျွန်တော်တို့အာရုံခံစားမှုက အရူးလုပ်ဖို့လွယ်တယ်။ တခါတလေ တကယ်မရှိတာကိုမြင်ရတယ်။ အမြင်လှည့်စားတာတွေရဲ့ သားကောင်ဖြစ်တယ်။ အကြောင်းတိုက်ဆိုင်ရင် သွေးလေခြောက်ချားပြီး ဟိုမြင်ဒီမြင်ဖြစ်တယ်။ ကျွန်တော်တို့အမှားနဲ့မကင်းဘူး။ တော်တော်လေးအလင်းဖွင့်ပေးနိုင်တဲ့ Thomas Gilovich ရဲ့ "How We Know What Isn't So: The Fallibility of Human Reason in Everyday Life" စာအုပ်မှာ လူတွေက ကိန်းဂဏန်းတွေကိုနားလည်မှုမှာ ဘယ်လိုမျိုးပုံစံတကျမှားတတ်လဲဆိုတာ၊ သဘောမကျတဲ့သက်သေကိုဘယ်လိုပယ်ချလဲဆိုတာ၊ တခြားသူတွေရဲ့သဘောထားတွေကနေ ဘယ်လိုလွှမ်းမိုးခံရလဲဆိုတာ ပြထားတယ်။ ကျွန်တော်တို့ တချို့အရာတွေမှာကောင်းကြတယ်၊ ဒါပေမယ့် အရာအားလုံးမှာတော့မဟုတ်ဘူး။ ကျွန်တော်တို့ကန့်သတ်ချက်တွေကို နားလည်တာက ဉာဏ်ပညာပဲ။ "လူတွေကမတည်ငြိမ်ဘူး" William Shakespeare ကသင်ပေးတယ်။ ဒီနေရာမှာ သိပ္ပံရဲ့တင်းမာတဲ့ သံသယစိတ်ဝင်လာတယ်။

သိပ္ပံနဲ့သိပ္ပံယောင်ကြား အပြတ်သားဆုံးကွာဟချက်ဖြစ်နိုင်တာက သိပ္ပံကလူသားတွေရဲ့ လစ်ဟာချက်တွေနဲ့ မှားတတ်တာတွေကို သိပ္ပံယောင်ထက် (ဒါမှမဟုတ် မမှားနိုင်တဲ့ကျမ်းစာတွေထက်) ကြည်ကြည်ဖြူဖြူလက်ခံထားတယ်။ တကယ်လို့ကျွန်တော်တို့က အမှားဖြစ်နိုင်တယ်ဆိုတာကို လက်ခံဖို့လုံးဝငြင်းဆိုနေမယ်ဆိုရင် အမှားက−ပြင်းထန်တဲ့အယူမှား၊ ကြီးကျယ်တဲ့အမှားအယွင်းတွေက အမြဲတမ်းရှိနေမယ်လို့ သေချာခန့်မှန်းလို့ရတယ်။ ဒါပေမယ့် နည်းနည်းသတ္တိမွေးပြီး ကိုယ့်ကိုကိုယ်ဆန်းစစ်မယ်ဆိုရင် ဘယ်လိုပဲမခံချိမခံသာဖြစ်စရာကောင်းတဲ့ သုံးသပ်ချက်ဖြစ်ပါစေ၊ အများကြီးပိုကောင်းဖို့အလားအလာရှိတယ်။

တကယ်လို့ သိပ္ပံရဲ့ရှာဖွေတွေ့ရှိမှုတွေနဲ့ သူ့ရဲ့ထွက်ကုန်တွေအကြောင်းပဲ သင်ပေးမယ်ဆိုရင်−သူတို့ကဘယ်လောက်ပဲ အသုံးဝင်ပြီး လှုံ့ဆော်နိုင်တာဖြစ်ပါစေ− သူ့ရဲ့အခရာကျတဲ့နည်းလမ်းကိုမပြဆိုပဲ သာမန်လူတစ်ယောက်က သိပ္ပံနဲ့သိပ္ပံယောင်ကို ဘယ်လိုများခွဲခြားနိုင်မှာလဲ။ နှစ်ခုလုံးက အထောက်အထားမပါတဲ့ အခိုင်အမာအဆိုတွေချည်းပဲ။ ရုရှားနဲ့တရုတ်မှာ ဒါကလွယ်ခဲ့တယ်။ အထက်လူကြီးတွေသင်ပေးတဲ့သိပ္ပံက ခိုင်လုံတဲ့သိပ္ပံပဲ။ သိပ္ပံနဲ့သိပ္ပံယောင်ကို ခင်ဗျားအတွက်ခွဲထားပေးပြီးသား။ ခေါင်းခြောက်စရာတွေ သိပ်စဉ်းစားနေဖို့မလိုဘူး။ ဒါပေမယ့်နိုင်ငံရေးပြောင်းလဲမှုကြီးတွေဖြစ်ပြီး လွတ်လပ်စွာတွေးခေါ်မှုကိုဖြေလျှော့ပေးလိုက်တဲ့အခါမှာ ယုံကြည်မှုရှိပြီးညှို့အားကောင်းတဲ့ ဆွဲဆောင်ပြောဆိုချက်တွေ−အထူးသဖြင့် ကျွန်တော်တို့ကြားချင်တာကိုပြောတဲ့သူတွေက နောက်လိုက်တွေအများကြီးရလာတယ်။ ဘယ်လိုပဲမဖြစ်နိုင်စရာကောင်းတဲ့အယူအဆဖြစ်ပါစေ ခိုင်လုံတဲ့အရာဖြစ်လာတယ်။

သိပ္ပံကိုအများပြည်သူကြားမှာ ဖြန့်ဝေသူတွေအတွက် ထိပ်ဆုံးစိန်ခေါ်မှုက ကြီးကျယ်တဲ့ရှာဖွေတွေ့ရှိမှုတွေရဲ့ တကယ့်ကွေ့ကောက်တဲ့သမိုင်း၊ အထင်အမြင်အလွဲတွေနဲ့ ဒါကိုဆုပ်ကိုင်ထားသူတွေရဲ့ လမ်းကြောင်းပြောင်းဖို့ ခေါင်းမာတဲ့ငြင်းပယ်မှုတချို့ကို ရှင်းလင်းအောင်လုပ်ဖို့ပဲ။ သိပ္ပံပညာရှင်လောင်းတွေအတွက် စာအုပ်တော်တော်များများ၊ ဒါမှမဟုတ်အများစုက ဒီနေရာမှာ လက်ရှောင်ချင်ကြတယ်။ ရာစုနှစ်ပေါင်းများစွာ စိတ်ရှည်ရှည်နဲ့ သဘာဝတရားကိုစုပေါင်းစစ်ဆေးပြီး အဆီအနှစ်ထုတ်ထားတဲ့ အသိပညာဗဟုသုတတွေကို စိတ်ဝင်စားစရာကောင်းအောင်တင်ပြတာက ရှုပ်ထွေးတဲ့အဆီအနှစ်ထုတ်စနစ်ကို အသေးစိတ်ပြောပြတာထက် အများကြီးပိုလွယ်တယ်။ သိပ္ပံရဲ့နည်းလမ်းက ဘယ်လိုပဲလေးကန်ပြီး နှစ်လိုဖွယ်မရှိဘူးလို့ထင်ရပါစေ၊ သိပ္ပံရဲ့ရှာဖွေတွေ့ရှိမှုတွေထက် သိပ္ပံရဲ့နည်းလမ်းက အများကြီးပိုပြီးအရေးကြီးတယ်။


TLABlog. CC BY-NC 4.0. Some rights reserved.