HomeTags
About

The Demon-Haunted World (Carl Sagan) - Preface

11 May 2024

philosophy of scienceskepticismtranslationcarl sagan

စကားချီး

ကျွန်ုပ်၏ဆရာများ

၁၉၃၉ ခုနှစ်ရဲ့ လေထန်တဲ့ဆောင်းဦးနေ့တစ်နေ့မှာပေါ့။ တိုက်ခန်းအပြင်ဘက်ကလမ်းတွေပေါ်မှာ သစ်ရွက်ကြွေတွေ လေပွေကြောင့် လူးကာလှိမ့်ကာ အသက်ဝင်လှုပ်ရှားနေကြတယ်။ ဘေးခန်းမှာ အမေပြင်ပေးတဲ့ ညစာကိုစောင့်ရင်း အိမ်ထဲမှာတင် သာသာယာယာ၊ နွေးနွေးထွေးထွေးနေသင့်တဲ့ အချိန်အခါမျိုး။ ကျွန်တော်တို့တိုက်ခန်းမှာ ကျွန်တော့်ကို တမင်တကာရန်လာစတတ်တဲ့ ကျွန်တော့်ထက် အရွယ်ကြီးသူတွေလည်း မရှိ။ အရင်တစ်ပတ်က ရန်ပွဲတစ်ခုမှာပါခဲ့သေးတယ်။ နှစ်တွေကြာပြီဆိုတော့ ဘယ်သူနဲ့ဖြစ်တာလဲ မမှတ်မိတော့ဘူး။ သုံးလွှာက Snoony Agata ဖြစ်လောက်တယ်။ အားနဲ့ဝှေ့လိုက်အပြီး Schechter ရဲ့ဆေးဆိုင်ပြတင်းမှန်ကို ကျွန်တော့်လက်သီးကဖောက်ထွက်လျက်သား ဖြစ်နေခဲ့တာ။

မစ္စတာ Schechter က အားပေးရှာပါတယ်၊ "ဘာမှမပူနဲ့၊ ငါ အာမခံ ထားထားတယ်"။ မထင်ရလောက်အောင်နာတဲ့ ပိုးသတ်ဆေးကို ကျွန်တော့်လက်ကောက်ဝတ်ပေါ်ကို ထည့်ပေးရင်း သူကပြောတယ်။ အမေက တိုက်ခန်းမြေညီထပ်က ဆရာဝန်ဆီ ခေါ်သွားတယ်။ ဆရာဝန်ကညှပ်တစ်စုံနဲ့ ဖန်ကွဲစကိုဆွဲနှုတ်လိုက်ပြီး အပ်နဲ့အပ်ချည်နဲ့သုံးပြီး နှစ်ချက်ချုပ်ပေးလိုက်တယ်။

"နှစ်ချက်တောင်!" ညကျတော့ အဖေကအော်တယ်။ သူက အဝတ်စက်ရုံမှာလုပ်တော့ ချုပ်ရိုးတွေအကြောင်းသိတယ်လေ။ သူ့အလုပ်က ပိတ်စအထပ်ကြီးကို အရမ်းကြောက်စရာကောင်းတဲ့ မော်တာလွှကြိုးနဲ့ ပုံစံတွေဖြတ်ရတာပေါ့၊ ဥပမာ အင်္ကျီနောက်ကျောတို့၊ အမျိုးသမီးကုတ်အင်္ကျီ (ဒါမှမဟုတ်) အမျိုးသားပွဲတက်ဝတ်စုံတို့ရဲ့ လက်နေရာတို့ပေါ့။ ဒီဖြတ်ထားတဲ့ပုံစံတွေကို မျက်စိတဆုံး အတန်းလိုက်ထိုင်နေကြတဲ့ စက်ချုပ်သမတွေဆီကို ပို့ပေးရတာ။ အဖေကတော့ ရန်ပွဲမှာ ချီတုန်ချတုန်ဖြစ်မနေပဲ ခပ်ကြမ်းကြမ်းတုန့်ပြန်လိုက်တာကို သဘောကျနေလေရဲ့။

တခါတလေတော့ ပြန်ဆော်လိုက်ရတာကောင်းတယ်။ အစကလက်ပါဖို့တွေးထားတာမဟုတ်ပေမယ့် ဒီတိုင်းပဲဖြစ်သွားတာ။ Snoony ကကျွန်တော့်ကိုတွန်းထိုးလုပ်နေရင်း မစ္စတာ Schechter ရဲ့ပြတင်းပေါက်မှန်ထဲကို လက်သီးရောက်လျက်သားဖြစ်သွားတာ။ ကျွန်တော့်လက်ကောက်ဝတ် အနာတရဖြစ်သွားတယ်၊ ကြိုတွက်မထားတဲ့ဆေးဖိုးကုန်တယ်၊ မှန်ချပ်တစ်ခုကွဲတယ်၊ ဒါတောင်ဘယ်သူမှကျွန်တော့်ကိုစိတ်မဆိုးကြဘူး။ Snoony ကတော့ ဒီအဖြစ်အပျက်အပြီး အရင်ကထက်ပိုပြီး မျက်နှာချိုလာတာပဲ။

သင်ခန်းစာကဘာလဲလို့ ကျွန်တော်တွေးဆမိတယ်။ ဒါပေမယ့် ဒါကိုအဖြေရှာဖို့ အောက်ကလမ်းပေါ်မှာ လမ်းသလားနေတာထက်စာရင် တိုက်ခန်းရဲ့ အနွေးဓာတ်လေးနဲ့ ဒီအပေါ်မှာအခန်းထဲကနေ အပြင်ဘက်က New York Bay အနိမ့်ပိုင်း‌ဆီ ငေးကြည့်ရတာ ပိုပြီးနှစ်လိုဖို့ကောင်းတယ်။

ထုံးစံအတိုင်းပဲ အမေကအဝတ်လဲပြီး အဖေပြန်ရောက်တာ မျှော်နေတဲ့ မျက်နှာအမူအယာ ပြင်ထားတယ်။ ပြီးတော့ Snoony နဲ့ရန်ပွဲအကြောင်းကို ကျွန်‌တော်တို့ပြောကြတယ်။ နေဝင်ဆဲဆဲ ပြင်မညီရေလှိုင်းတွေကိုကြည့်ရင်းနဲ့ပေါ့။ အမေက အတ္တလန်တစ်သမုဒ္ဒရာဘက်ကိုပြရင်း "အဲ့ဒီမှာ အချင်းချင်းတိုက်ခိုက် သတ်ဖြတ်နေတဲ့သူတွေရှိတယ်" လို့ပြောတယ်။ ကျွန်တော်သေချာကြည့်လိုက်တယ်။

"သားသိတယ်" လို့ပြောလိုက်တယ်။ "သူတို့ကိုမြင်ရတယ်"။

"ဟင့်အင်း၊ သားမမြင်နိုင်ပါဘူး" သူက မယုံဟန် လေသံ နည်းနည်းမာမာနဲ့ ပြန်ပြောတယ်။ "သူတို့က ဟိုးအဝေးကြီးမှာရှိတာ" ဆိုပြီး မီးဖိုချောင်ဘက်ထွက်သွားတယ်။

ကျွန်တော်တကယ်မြင်နိုင်လား၊ မမြင်နိုင်ဘူးလားဆိုတာ အမေဘယ်လိုလုပ်သိတာလဲ။ မျက်စိမှေးကြည့်ရင်းကျွန်တော်စဉ်းစားတယ်။ မိုးကုတ်စက်ဝိုင်းနားက မြေလွှာလေးပေါ်မှာ လူသေးသေးလေးတွေ ဓားလှံတွေနဲ့ တွန်းထိုးနေကြတာကို မြင်ရသလိုပဲ။ ကျွန်တော့်ကာတွန်းတွေထဲကလိုပေါ့။ ဒါပေမယ့်အမေမှန်ကောင်းမှန်နိုင်ပါတယ်။ ဒါကကျွန်တော်စိတ်ကူးယဉ်နေတာလည်းဖြစ်နိုင်တယ်။ ညဘက်အိပ်ပျော်နေရင်း ချွေးတွေရွှဲပြီး ရင်တဒိတ်ဒိတ်နဲ့ လန့်နိုးလာအောင်လုပ်တဲ့ သန်းခေါင်ယံမကောင်းဆိုးဝါးတွေနဲ့ ခပ်ဆင်ဆင်ပဲ။ တစ်ယောက်ယောက်က စိတ်ကူးယဉ်နေတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ။ မှောင်ရီပျိုးချိန် ညစာစားဖို့လက်ဆေးခိုင်းတဲ့အထိ ကျွန်တော် မီးခိုးရောင်ရေတွေကို ငေးကြည့်နေခဲ့တယ်။ အဖေပြန်လာတော့ ကျွန်တော့်ကို လက်မောင်းထဲ ချီထားတယ်။ တစ်နေ့စာရှည်လာတဲ့ သူ့မုတ်ဆိတ်မွေးတွေကနေ အပြင်လောကရဲ့ အအေးဓာတ်ကိုခံစားမိခဲ့တယ်။

အဲ့ဒီနှစ်ရဲ့တနင်္ဂနွေတစ်ရက်မှာ အဖေက သုညဆိုတာ ဂဏန်းသင်္ချာမှာ ဟန်ပြသင်္ကေတတစ်ခုဖြစ်ကြောင်း၊ ဂဏန်းနံပါတ်အကြီးကြီးတွေရဲ့ ခေါ်ရတာမိုက်တဲ့နာမည်တွေအကြောင်း၊ အကြီးဆုံးဂဏန်းဆိုတာမရှိကြောင်း (အမြဲတမ်း ၁ ထပ်ပေါင်းလို့ရလို့တဲ့) စိတ်ရှည်လက်ရှည် ရှင်းပြတယ်။ ကျွန်တော် ရုတ်တရက်ကလေးဆန်စွာပဲ ၁ ကနေ ၁၀၀၀ အထိ ကိန်းပြည့်တွေကို အစဉ်လိုက်ချရေးချင်စိတ်ပေါက်လာတယ်။ အိမ်မှာစာရွက်ထုပ်မရှိပေမယ့် အဖေက သူ့အဝတ်တွေကို ပင်မင်းပို့တုန်းက သိမ်းထားတဲ့ စက္ကူပုံးတွေကိုထုတ်ပေးတယ်။ အဲ့ဒီ့ပရောဂျက်ကို အားတက်သရော စခဲ့ပေမယ့်တော်တော်နဲ့ရှေ့မရောက်တာကို ကျွန်တော်အံ့သြခဲ့တယ်။ အမေကရေချိုးချိန်ရောက်ပြီလို့ ပြောတော့ ရာကိန်းနည်းနည်းပဲရောက်သေးတယ်။ ကျွန်တော်စိတ်မသက်မသာခံစားရတယ်။ ၁၀၀၀ အထိရောက်မှဖြစ်မယ်။ သူ့တဘဝလုံး စေ့စပ်ညှိနှိုင်းသူဖြစ်ခဲ့တဲ့အဖေက ကျွန်တော်ရေကောင်းကောင်းချိုးရင် သူဆက်ရေးပေးမယ်လို့ဝင်ညှိတယ်။ ကျွန်တော်ပျော်တာပေါ့။ ရေချိုးပြီးပြန်လာတော့ သူ ၉၀၀ နားနီးနေပြီ။ ကျွန်တော်အိပ်ရာဝင်ချိန်ထက် နည်းနည်းကျော်သွားချိန်မှာ ၁၀၀၀ ထိရောက်အောင်ရေးနိုင်ခဲ့ပါတယ်။ အဲ့ဒီ့အချိန်ကနေစပြီး ဂဏန်းအကြီးကြီးတွေရဲ့ပမာဏက ကျွန်တော့်အပေါ်အမြဲတမ်း သက်ရောက်မှုရှိခဲ့တယ်။

၁၉၃၉ မှာပဲ ကျွန်တော့်မိဘတွေက New York World’s Fair ဆီခေါ်သွားခဲ့တယ်။ အဲ့ဒီ့မှာ သိပ္ပံနဲ့နည်းပညာကိုသုံးပြီး ပြည့်စုံတဲ့အနာဂတ်ကို ဘယ်လိုဖန်တီးမလဲဆိုတဲ့ အမြင်ကိုတွေ့ခဲ့ရတယ်။ Time capsule ထဲမှာ ဒီခေတ်က ပစ္စည်းတစ်ချို့ကိုထည့်ပြီး မြှုပ်နှံခဲ့တယ်။ အံ့ဩရလောက်အောင် ၁၉၃၉ ခုနှစ်ကလူတွေအကြောင်း မသိလောက်တဲ့ အနာဂတ်ကသူတွေအကျိုးအတွက် ရည်ရွယ်ပြီးသိမ်းထားတာ။ "မနက်ဖြန်ရဲ့ကမ္ဘာ" က သန့်ရှင်း၊ သပ်ရပ်၊ ကျော့ရှင်းပြီး ကျွန်တော်သိရသလောက် ဆင်းရဲသားတွေလုံးဝမရှိတာဖြစ်လိမ့်မယ်။

"အသံတွေကိုကြည့်မယ်" ပြခန်းတစ်ခုက မယုံနိုင်စရာဆိုတယ်။ ပြောတဲ့အတိုင်းပဲ ကြိုးညှိခက်ရင်းခွကို တူအသေးလေးနဲ့ရိုက်လိုက်တော့ အော်စီလိုစကုတ်ရဲ့ မျက်နှာပြင်မှာ sine wave လှလှလေးတစ်ခုပေါ်လာတယ်။ "အလင်းကိုကြားမယ်" ပိုစတာတစ်ခုကအော်တယ်။ ပြောတဲ့အတိုင်းပဲ ဓာတ်မီးကို အလင်းတိုင်းတာစက်ပေါ်မှာ ထိုးလိုက်တော့ Motorola ရေဒီယိုက လှိုင်းဖမ်းတဲ့ဘုကိုလှည့်လိုက်ရင် ထွက်လာတဲ့အသံနဲ့ဆင်တဲ့ တရှဲရှဲမြည်သံကိုကြားရတယ်။ ကမ္ဘာလောကကြီးက ကျွန်တော်မထင်မှတ်ထားတဲ့ အံ့သြစရာတွေနဲ့ပြည့်နေရောပဲ။ ဘယ်လိုများ အသံလှိုင်းကရုပ်ပုံဖြစ်နိုင်ပြီး အလင်းက ဆူညံနိုင်ရတာလဲ။

ကျွန်တော့်မိဘတွေက သိပ္ပံပညာရှင်တွေမဟုတ်ကြဘူး။ သိပ္ပံနဲ့ပတ်သတ်ပြီး သူတို့သိတာမရှိသလောက်ပဲ။ ဒါပေမယ့်ကျွန်တော့်ကို စူးစမ်းလိုစိတ်နဲ့ သံသယစိတ်ကို တပြိုင်တည်းမိတ်ဆက်ပေးတဲ့အခါ သိပ္ပံနည်းလမ်းရဲ့ အဓိကကျပေမယ့် လွယ်လွယ်အတူယှဉ်တွဲမနေနိုင်တဲ့ စဉ်းစားပုံနည်းလမ်းနှစ်ခုကိုသင်ပေးခဲ့တယ်။ သူတို့ကဆင်းရဲမှုကနေ ခြေတစ်လှမ်းစာပဲ လွတ်ခဲ့တာ။ ဒါပေမယ့်ကျွန်တော် အာကာသသိပ္ပံပညာရှင်ဖြစ်ချင်တယ်လို့ သူတို့ကိုပြောတဲ့အခါ ရာနှုန်းပြည့်ထောက်ပံ့မှုကိုရခဲ့တယ် (ကျွန်တော်အပါအဝင် သူတို့က အာကာသသိပ္ပံပညာရှင်တစ်ယောက် ဘာလုပ်ရသလဲဆိုတာ အကြမ်းဖျဉ်းပဲလောက်ပဲသိတာတောင်မှပေါ့)။ တကယ်စဉ်းစားကြည့်မယ်ဆိုရင် ဆရာဝန်၊ ဒါမှမဟုတ် ရှေ့နေတစ်ယောက်လုပ်ဖို့ ပိုသင့်တော်မယ်လို့ ဘယ်တုန်းကမှစကားမဟခဲ့ကြဘူး။

ကျွန်တော့်မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းတုန်းက စိတ်အင်အားပေးခဲ့တဲ့ဆရာတွေအကြောင်း ပြောပြချင်တယ်။ ဒါပေမယ့်အခုပြန်စဉ်းစားကြည့်တော့ အဲ့ဒီလိုဆရာမျိုးမရှိခဲ့ဘူး။ အလွတ်ကျက်ခဲ့ရတဲ့ ဒြပ်စင်ဇယား၊ လီဗာနဲ့ပြင်ညီစောင်း၊ အစိမ်းရောင်ရှိအပင်ရဲ့ အလင်းသုံးပြီး အစာချက်နည်း၊ အင်သရာဆိုက်နဲ့ ကတ္တရာစေးပါ ကျောက်မီးသွေးကွာခြားချက်… ဒါတွေပဲရှိတယ်။ ဒါပေမယ့် အံ့သြဖွယ်ကောင်းလိုက်တာလို့ ခံစားရမှုမရှိ၊ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာရှုထောင့်အတွက် အရိပ်အမြွက်မရှိ၊ ပြီးတော့ တစ်ချိန်က လူတိုင်းယုံကြည်ခဲ့ကြတဲ့ အတွေးအခေါ်မှားတွေအကြောင်း မပြော။ အထက်တန်းဓာတ်ခွဲခန်းအတန်းတွေမှာ ရသင့်တဲ့အဖြေကရှိပြီသား။ အဲ့ဒီ့အဖြေမရရင် အမှတ်လျှော့ခံရတယ်။ ကိုယ်စိတ်ဝင်စားတာ၊ အလုပ်ဖြစ်လောက်မယ်ထင်တာ၊ နားလည်မှုလွဲနေတာတွေကို လိုက်လေ့လာဖို့အားမပေးကြဘူး။ ဖတ်စာအုပ်နောက်ပိုင်းမှာ စိတ်ဝင်စားဖို့ကောင်းတာတွေပါတယ်ဆိုတာ တွေ့ရပေမယ့် စာသင်နှစ်က အဲ့အပိုင်းမရောက်ခင် ပြီးသွားတာချည်းပဲ။ အာကာသသိပ္ပံနဲ့ပတ်သက်တဲ့ စာအုပ်တွေကို စာကြည့်တိုက်လိုနေရာတွေမှာ တွေ့နိုင်ပေမယ့် စာသင်ခန်းထဲမှာမရှိဘူး။ စားနည်းရှည်ကို သင်မယ်ဆိုရင် ဟင်းချက်နည်းစာအုပ်ထဲကလိုပဲ ဘာပြီးရင်ဘာလုပ်ရမယ်ဆိုတဲ့အဆင့်တွေပဲသင်ပြီး စားနည်းတို၊ အမြှောက်၊ အနုတ်တွေရဲ့ ဘယ်အဆင့်တွေကအဖြေမှန်ကို ရစေလဲဆိုတာ မရှင်းပြပေးဘူး။ အထက်တန်းမှာ နှစ်ထပ်ကိန်းရင်း ရှာတဲ့နည်းလမ်းကို မြင့်မိုရ်တောင်ကနေ လက်ဆင့်ကမ်းလာတဲ့ နည်းလို တလေးတစားပြပေးကြတယ်။ လုပ်ခိုင်းတာကို မှတ်မိဖို့က ကျွန်တော်တို့အလုပ်ပဲ။ အဖြေမှန်သာရမယ်ဆိုရင် ဘာလုပ်နေမှန်းမသိလည်း ကိစ္စမရှိဘူး။ အထက်တန်းဒုတိယနှစ်မှာ အတော်ကျွမ်းတဲ့ ဂဏန်းသင်္ချာဆရာတစ်ယောက်နဲ့သင်ရတယ်၊ ဒါပေမယ့်အဲ့ဆရာက ကျောင်းသူတွေကိုမျက်ရည်ကျအောင်လုပ်ရတာကြိုက်တဲ့ ဉာဥ်ဆိုးရှိသူတစ်ယောက်လည်းဖြစ်နေပြန်တယ်။ ကျောင်းတက်နေတဲ့နှစ်တွေမှာ ကျွန်တော့်ရဲ့သိပ္ပံစိတ်ဝင်စားမှုကို စာအုပ်တွေ၊ မဂ္ဂဇင်းတွေကနေ သိပ္ပံအချက်အလက်တွေနဲ့ စိတ်ကူးယဉ်ဝတ္ထုတွေဖတ်ပြီး အသက်ဆက်ခဲ့ရတာပဲ။

ကောလိပ်ရောက်တော့ ကျွန်တော့်အိပ်မက်တွေ အကောင်အထည်ပေါ်လာတယ်။ အဲ့မှာသိပ္ပံကိုတကယ်နားလည်ရုံသာမက ရှင်းလည်းရှင်းပြနိုင်တဲ့ ဆရာတွေကိုတွေ့ခဲ့ရတယ်။ အဲ့ဒီ့အချိန်တုန်းက ပညာသင်ဖို့အကောင်းဆုံးနေရာတွေထဲကတစ်ခုဖြစ်တဲ့ ချီကာဂိုတက္ကသိုလ်မှာတက်ရတာလည်း ကံကောင်းတယ်။ Enrico Fermi ကိုဗဟိုပြုထားတဲ့ဋ္ဌာနမှာ ကျွန်တော်ရူပဗေဒကျောင်းသားဖြစ်ခဲ့တယ်၊ Subrahmanyan Chandrasekhar ဆီကနေ သင်္ချာရဲ့ စစ်မှန်တဲ့လှပခြင်းကို ရှာတွေ့ခဲ့တယ်၊ Harold Urey နဲ့ဓာတုဗေဒအကြောင်းဆွေးနွေးလို့ရတယ်၊ နွေရာသီမှာ အင်ဒီယားနားတက္ကသိုလ်က H.J. Muller ဆီမှာ ဇီဝဗေဒအလုပ်သင်လုပ်ခဲ့တယ်၊ ပြီးတော့အဲ့ဒီတုန်းက ဂြိုလ်နဲ့အာကာသသိပ္ပံကို အချိန်ပြည့်လုပ်တဲ့ တစ်ယောက်သောသူဖြစ်တဲ့ G.P. Kuiper ဆီမှာဘာသာရပ်ကိုသင်ခဲ့ရတယ်။

Kuiper ဆီကနေပဲ စာအိတ်နောက်ကျော (back-of-the-envelope) တွက်တယ်ဆိုတာဘာလဲဆိုတာ စပြီးခံစားမိခဲ့တာ - ပုစ္ဆာတစ်ပုဒ်ကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ အကြံပေါ်လာတယ်ဆိုရင် စာအိတ်ဟောင်းတစ်ခုကိုထုတ်၊ သိထားတဲ့ အခြေခံရူပဗေဒဗဟုသုတတွေကိုဆွဲထုတ်၊ စာအိတ်ပေါ်မှာ နီးစပ်တဲ့ညီမျှခြင်းတွေချရေး၊ ဖြစ်နိုင်မယ်ထင်တဲ့တန်ဖိုးတွေအစားသွင်း၊ ရလာတဲ့အဖြေကပုစ္ဆာကိုဖြှေရှင်းဖို့နီးစပ်လားဆိုတာ ကြည့်ကြည့်ရတာ။ လုံးဝမနီးစပ်ဘူးဆိုရင် တခြားနည်းလမ်းကိုရှာပေါ့။ အဓိပ္ပာယ်မရှိတာတွေကိုဖယ်ရှားဖို့ ဒီနည်းလမ်းက ထောပတ်တုံးကိုဓားနဲ့လှီးသလိုပဲ အစွမ်းထက်တယ်။

ကံကောင်းလေတော့ ချီကာဂိုတက္ကသိုလ်မှာ Robert M. Hutchins စီစဉ်တဲ့ အထွေထွေသင်ကြားမှုအစီအစဉ်ကို တက်လိုက်ရတယ်။ တင့်တင့်တယ်တယ် လူ့အသိပညာ ရွှေခြည်ထိုးပန်းချီကားပေါ်မှာ သိပ္ပံကလည်း တစ်သားတည်းဖြစ်နေမှန်း အဲ့ဒီမှာ သင်ယူခဲ့ရတယ်။ တက်သစ်စသိပ္ပံပညာရှင်တစ်ယောက်အတွက် Plato၊ Aristotle၊ Bach၊ Shakespeare၊ Gibbon၊ Malinowski၊ Freud စတဲ့သူတွေကိုမသိလို့မရဘူးလို့ သတ်မှတ်နိုင်တယ်။ သိပ္ပံမိတ်ဆက်အတန်းတစ်တန်းမှာ Ptolemy ရဲ့ နေကကမ္ဘာကိုလှည့်ပတ်တယ်ဆိုတဲ့ အယူအဆကိုပြလိုက်တော့ ကျောင်းသားတစ်ချို့အတွက် သဘောကျစရာကောင်းလွန်းလို့ Copernicus ကိုဆက်လက်ခံဖို့တောင် ပြန်သုံးသပ်မိကြတဲ့အထိပဲ။ Hutchins သင်ရိုးမှာ ဆရာတွေရဲ့နေရာက သူတို့သုတေသနနဲ့ ဘာဆိုဘာမှမဆိုင်ဘူး (ဒီနေ့ခေတ် အမေရိကန်တက္ကသိုလ်စံနှုန်းတွေနဲ့ ကွာတာပေါ့) ဆရာတွေကို သူတို့ရဲ့သင်ကြားပုံ၊ နောက်မျိုးဆက်ကိုဘယ်ထောက်ထိ လှုံ့ဆောင်နိုင်စေလဲဆိုတာကိုမူတည်ပြီး အကဲဖြတ်ကြတာ။

ဒီလိုမျိုးရှေ့ကိုတွန်းပေးတဲ့ပတ်ဝန်းကျင်မှာ ကျွန်တော့်ပညာရေးရဲ့ များစွာသောကွက်လပ်တွေထဲက တချို့ကိုဖြည့်တင်းနိုင်ခဲ့တယ်။ ပဟေဠိဖြစ်နေတာအများစုက၊ သိပ္ပံတစ်ခုတင်မဟုတ်၊ ရှင်းလင်းသွားတယ်။ စကြဝဠာကြီး ဘယ်လိုအလုပ်လုပ်သလဲဆိုတာ အနည်းငယ်ရှာဖွေတွေ့ရှိနိုင်ခဲ့သူတွေက ဘယ်လိုပျော်ရွှင်နှစ်သက်မှုကိုခံစားရလဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျတွေ့မြင်ခဲ့ရတယ်။

၁၉၅၀ ပြည့်နှစ်တွေထဲမှာ ကျွန်တော့်ကိုလမ်းပြခဲ့သူတွေကို အမြဲလေးစားပါတယ်၊ သူတို့ကိုကျေးဇူးတင်တယ်ဆိုတာကိုပြဖို့ အမြဲ ကြိုးစား ပါတယ်။ ဒါပေမယ့်အခုပြန်ကြည့်လိုက်တော့ တကယ့်အလိုအပ်ဆုံးအရာတွေကို သင်ယူခဲ့ရတာက အခြေခံကျောင်းကဆရာတွေဆီကမဟုတ်၊ တက္ကသိုလ်ဆရာတွေဆီကတောင် မဟုတ်ဘဲ ခပ်ဝေးဝေး ၁၉၃၉ ခုနှစ်တစ်နှစ်က သိပ္ပံအကြောင်း နကန်းတစ်လုံးမသိတဲ့ ကျွန်တော့်မိဘတွေဆီကလို့ ထင်ရှားလာပါတယ်။


TLABlog. CC BY-NC 4.0. Some rights reserved.