Post hoc fallacy (Placebo effect)

လွန်ဆွဲရင်မိုးရွာတယ်ဆိုတာ ကြားဖူးပါသလား။ တစ်ကယ်ရော လွန်ဆွဲရင်မိုးရွာသလား။ လွန်ဆွဲတဲ့ကိစ္စက water cycle နဲ့ မိုးရွာတာကို ဘယ်လိုသက်ရောက်မှုရှိသလဲ စဥ်းစားကြည့်ပါ။

\frac{a}{b}$
ဖြစ်နိုင်တာကတော့ တစ်ချိန်က လွန်ဆွဲပွဲလုပ်နေတုန်း မိုးရွာတာနဲ့ တိုက်ဆိုင်သွားတာ ဖြစ်နိုင်ပါတယ်။ အဲ့ဒါကို လွန်ဆွဲလို့ မိုးရွာတယ်လို့ မှားယွင်းယူဆခဲ့ကြတာ ဖြစ်နိုင်ပါတယ်။

“Post hoc ergo propter hoc” ဆိုတာ Latin ဘာသာစကားဖြစ်ပြီး “after this, therefore because of this” “ဒီဟာြပီးရင် ဟိုဟာဖြစ်တယ်၊ ဒါကြောင့် ဒီဟာကြောင့် ဟိုဟာဖြစ်တယ်” လို့ အဓိပ္ပာယ်ရပါတယ်။

ကြက်ဖတွန်ပြီးမှ နေထွက်တယ်ဆိုရင် ကြက်ဖတွန်လို့ နေထွက်တာလား၊ ကြက်ဖမတွန်ရင် နေမထွက်တော့ဘူးလား။ ကြက်ဖတွန်လို့ နေထွက်တာလား နေထွက်လို့ ကြက်ဖတွန်တာလား။

သာမန်ခေါင်းကိုက်တဲ့လူတစ်ယောက်ဟာ ဘာဆေးမှမသောက်လဲ သူ့ဘာသာသူ ခေါင်းကိုက်ပျောက်သွားမှာြဖစ်ပါတယ်။ ဒါပေမယ့် သူက ဆေးတစ်ခုသောက်လိုက်တယ်ဆိုပါတော့။ အချိန်တန်လို့ ခေါင်းကိုက်ပျောက်တဲ့အခါ အဲ့ဒီ့ဆေးသောက်လို့ပျောက်တယ်လို့ သူကယူဆလိုက်ပါတယ်။ နောက်တစ်ခါခေါင်းကိုက်တဲ့အခါ အဲ့ဒီ့ဆေးကိုပဲ ထပ်သောက်ဦးမှာ ဖြစ်ပါတယ်။ ဒါတင်မက သူ့သူငယ်ချင်းတွေကိုပါ ဆေးကောင်းကြောင်း ဖြန့်ဝေဦးမှာ ဖြစ်ပါတယ်။

Post hoc fallacy ဟာ placebo effect နဲ့ယှဥ်တွဲလေ့ရှိပါတယ်။ Placebo ဆိုတာ ဆေးဝါးအသစ်စမ်းသပ်တဲ့ အခါ control experiment တွေမှာသုံးတဲ့ အာနိသင်မရှိတဲ့ ဆေးအတုကို ခေါ်ပါတယ်။ (ဘာလို့ဒီလိုလုပ်ရလဲဆိုတာ နောက်ဆောင်းပါးမှာဖေါ်ပြပါမယ်) ။ သုတေသနတွေအရ ဆေးအတုကိုသုံးရင်တောင်မှ အတုမှန်းမသိတဲ့ လူနာတွေက သူတို့ဝေဒနာတွေ သက်သာသွားတယ်လို့ထင်ကြပါတယ်။ ဆေးရဲ့အာနိသင်ကြောင့်မဟုတ်ပဲ ဆေးပေါ်မှာယုံကြည်တဲ့စိတ်ကြောင့် ဖြစ်ပါတယ်။

Company တွေမှာ ဝန်ထမ်းတွေက သူတို့အခန်းက ပူလွန်းတယ်၊ အေးလွန်းတယ်လို့ complain တက်ကြပါတယ် (Building မှာ centralized air conditioning စနစ်ကို သုံးပါတယ်) ။ အခန်းတစ်ခုချင်းစီအတွက် အပူချိန်ညှိစနစ်ထားဖို့အတွက်က ငွေကုန်ကြေးကြများပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့ သူတို့အခန်းတွေမှာ thermostat (အပူချိန်ညှိကိရိယာ) အတုတွေတပ်ထားပေးလိုက်ပါတယ်။ ဒီကိရိယာတွေက ဘာနဲ့မှဆက်သွယ်မထားတဲ့ ဟန်ပြပစ္စည်းတွေဖြစ်ပေမယ့် ဝန်ထမ်းတွေ complain တက်တာလျော့သွားပါတယ်။ အပူချိန်ကို ထိန်းချုပ်နိုင်တယ်လို့ ထင်တဲ့စိတ်က သူတို့ကို လှည့်စားသွားတာဖြစ်ပါတယ်။

ဓာတ်လှေကားအများစုမှာပါတဲ့ တံခါးအဖွင့်အပိတ်ခလုတ်ဟာ များသောအားဖြင့် အလုပ်မလုပ်ပါဘူး။ အရေးပေါ်အခြေအနေမှာ သော့နဲ့ဖွင့်မှ အလုပ်လုပ်တာဖြစ်ပါတယ်။ ခလုပ်ကိုနှိပ်နှိပ် မနှိပ်နှိပ် တံခါးက သူ့အလိုလို ပိတ်မှာဖြစ်ပါတယ်။ ဒါပေမယ့် ခလုပ်နှိပ်လို့ တံခါးပိတ်တာလို့ ထင်တဲ့လူက များပါတယ်။

ဒီဥပမာတွေအရ အဖြစ်အပျက်နှစ်ခုက တစ်ခုလုပ်လိုက်လို့ နောက်တစ်ခုဖြစ်တိုင်း သူတို့နှစ်ခုကြားမှာ ဆက်သွယ်မှုရှိတယ်လို့ပြောလို့ မရပါဘူး။ False causality လို့ခေါ်တဲ့ မှားယွင်းစွာကြောင်းကျိုးဆက်နွှယ်မှု ဖြစ်နိုင်ပါတယ်။ ဒီလို မှားယွင်းတွေးခေါ်မှုဟာ သတိမထားမိပဲ အချိန်တိုင်းဖြစ်ပေါ်နိုင်ပါတယ်။ ဒါက evolution အရ ဦးနှောက်ရဲ့ အဖြစ်အပျက်တွေအပေါ် အလိုအလျောက် ဆက်စပ်တုန့်ပြန်မှုပဲဖြစ်ပါတယ်။ မီးကိုကိုင်မိလို့ ပူတယ်ဆိုတာသိတဲ့လူတစ်ယောက်ဟာ နောက်တစ်ခါမီးကိုကိုင်ရင်ရော ပူဦးမလားဆိုပြီး ထပ်မစမ်းသပ်ပါဘူး။ ကြောင်းကျိုးဆက်နွှယ်နိုင်မှုဟာ အသက်ရှင်ရပ်တည်ဖို့အတွက် တကယ်ပဲလိုအပ်ပါတယ်။ ဒါပေမယ့် ဒီသဘောတရားကို မဆိုင်တဲ့ကိစ္စရပ်တွေမှာပါ အသုံးချတဲ့အခါ မှားယွင်းတွေးခေါ်မှုတွေ ဖြစ်ပေါ်လာပါတယ်။ အဲ့ဒီ့အခါ ကျမ်းမာရေးကောင်းစေတဲ့ လက်ကောက်တွေ၊ ကံကောင်းစေတဲ့ သစ်ရွက်တွေ၊ အလုပ်အဆင်ပြေစေတဲ့ အဆောင်တွေ ထွက်ပေါ်လာပါတယ်။

ဖြစ်ရပ်နှစ်ခုက တစ်ကယ်ကြောင်းကျိုးဆက်နွှယ်မှု ရှိ၊မရှိဆိုတာ သိပ္ပံနည်းကျလေ့လာပြီးမှ တိကျတဲ့အဖြေထုတ်လို့ရပါတယ်။ တိုက်ဆိုင်မှု၊ မှားယွင်းဆက်စပ်မှုနဲ့ ထုံးတမ်းစဥ်လာတွေ၊ မက်လုံးအမျိူးမျိူးနဲ့ ကြော်ငြာတွေကို သတိရှိရှိနဲ့ လေ့လာဆန်းစစ်ပါမှ တွေးခေါ်ယူဆချက်အမှားတွေကို သိမြင်နိုင်မှာဖြစ်ပါတယ်။ သင့်ဦးနှောက်ကပေးတဲ့ တွေးခေါ်မှု၊ အကြောင်းပြချက် (reasoning) တွေဟာ သဘာဝကျတယ်လို့ ထင်ရရင်တောင်မှ အမြဲတမ်းမမှန်နိုင်ဘူးဆိုတာ သတိပြုပါ။

Leave a Reply

Proudly powered by WordPress | Theme: Baskerville 2 by Anders Noren.

Up ↑

%d bloggers like this: