မင်္ဂလာပါ
Thein Lin Aung’s Blog ကနေ ကြိုဆိုပါတယ်။ ဒီ blog ကိုစိတ်ဝင်စားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီမှာ အများဆုံးမြင်တွေ့ရမှာကတော့ ရူပဗေဒနဲ့သင်္ချာဆိုင်ရာ ဆောင်းပါးတွေဖြစ်ပြီး ယေဘုယျဗဟုသုတတွေကိုလည်း တစ်ခါတစ်ရံ တင်လေ့ရှိပါတယ်။ ဒီ blog ကို တည်ထောင်ရခြင်းရဲ့ ရည်ရွယ်ချက်က ကျွန်တော်လေ့လာထားသမျှကို ပြန်လည်သုံးသပ်ပြီး မျှဝေဖို့ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ကျွန်တော်ဖတ်ထားတာတွေကို စုစည်းပြီး ပြန်လည်ရေးသားဖို့ဖြစ်ပါတယ်။ လတ်တလော ရူပဗေဒဆောင်းပါးတွေကို “Feynman Lectures on Physics” စာအုပ်တွေကနေ အများဆုံး ကိုးကားထားတာဖြစ်ပါတယ်။ သချင်္ာဆိုင်ရာဆောင်းပါးတွေကိုတော့ R. Shankar ရဲ့ “Basic Training in Mathematics” စာအုပ်ကနေ အခြေခံသွားမှာဖြစ်ပါတယ်။
ဒီ blog ရဲ့ ပန်းတိုင်ကတော့ သင့်ရဲ့စိတ်ဝင်စားမှုကို နှိုးဆွပေးပြီး သင့်လေ့လာမှုခရီးမှာ အကူအညီပေးဖို့ပဲဖြစ်ပါတယ်။ သဘာဝတရားရဲ့ အလုပ်လုပ်ပုံတွေနဲ့ သိပ္ပံသီအိုရီတွေ တစ်ခုနဲ့တစ်ခု ဘယ်လိုဆက်နွယ်နေလဲဆိုတာကို အနည်းငယ်ရှင်းပြနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပညာရှင်တွေအဆိုအရ ကျွန်ုပ်တို့ဟာ အသစ်အဆန်းတွေကို သင်ယူရာမှာ အရင်ကသိရှိထားတာတွေနဲ့ ဆက်နွယ်ပြီးမှတ်သားတတ်ပါတယ်။ ဒါကြောင့် သီအိုရီအသစ်တစ်ခုက ရုတ်တရက် လေထဲကပေါ်လာတယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ နားလည်နိုင်ဖို့ ခက်ခဲပါတယ်။ မှတ်မိဖို့ဆိုတာ ပိုဝေးပါတယ်။ ဒါပေမယ့် သိပ္ပံသီအိုရီတွေက သီးသန့်ရပ်တည်နေတာ အလွန်ရှားပါတယ်။ သိပ္ပံကို အပင်တစ်ပင်လို့ မြင်ယောင်ကြည့်လိုက်ရင် ပင်စည်ကနေ အကိုင်:တွေခွဲထွက်လာပြီး အဲ့ဒီ့ကနေ အကိုင်းတွေထပ်ဆင့်ခွဲထွက်လာပါတယ်။ ဒါကြောင့် အကိုင်းတစ်ကိုင်းကို နောက်ပြန်လိုက်ရင် မူလပင်စည်မှာပဲ ပေါင်းဆုံရမှာဖြစ်ပါတယ်။ အလားတူပဲ သိပ္ပံမှာ သီအိုရီတွေ၊ ညီမျှခြင်းတွေ အများကြီ:ရှိပေမယ့် သူတို့တွေက သီးခြားစီရှိနေတာမဟုတ်ပဲ အခြေခံသဘောတရားတွေကနေ ဆင့်ပွားဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒါကြောင့် အခြေခံသဘောတရားနဲ့ သီအိုရီအနည်းငယ်ကို သိလာတာနဲ့ ကျန်တဲ့သီအိုရီတွေကို နားလည်ဖို့ပိုပြီး လွယ်ကူလာမှာဖြစ်ပါတယ်။ Richard Feynman ပြောသလိုပဲ ကျွန်ုပ်တို့က သီအိုရီတစ်ချို့ကိုသိရင် သူတို့နဲ့ဆက်စပ်နေတဲ့ သီအိုရီတစ်ချို့ကို မှန်းဆကြည့်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က သီအိုရီအသစ်တွေကို လေ့လာရင် အရင်သီအိုရီတွေနဲ့ ဆက်နွယ်ချက်တွေကို ဆန်းစစ်ပြီး ကျွန်တော်တို့ပတ်ဝန်းကျင်က သဘာဝတရားမှာ ဘယ်လိုအံဝင်သလဲဆိုတာ ချိန်ထိုးကြည့်သင့်ပါတယ်။ ဒီနည်းစနစ်ဟာ အရုပ်ဆက်ကစားနည်းလိုပဲ အပိုင်းတွေများလာတာနဲ့အမျှ သဘာဝရဲ့ပန်းချီကားက ပိုပြီးပြည့်စုံလာမှာဖြစ်ပါတယ်။
သင့်ရဲ့သိပ္ပံနဲ့သင်္ချာပညာရပ်မှာရှိတဲ့ ဥပဒေသတွေကို နားလည်တတ်ကျွမ်းမှုပေါ်မူတည်ပြီး အကြံဉာဏ်နည်းနည်း ပေးချင်ပါတယ်။ အောက်ကသုံးခုထဲက သင့်လျော်ရာတစ်ခုကို ဖွင့်ဖတ်ပါ။
သိပ္ပံနဲ့သင်္ချာဥပဒေသတွေကို နားလည်တတ်ကျွမ်းပါတယ်ဒီမှာရေးထားတဲ့အကြောင်းအရာတွေက လေ့လာသူတွေကို အထောက်အကူပြုဖို့အတွက် ရေးထားတာကြောင့် ကျွမ်းကျင်သူတွေအတွက် အလွန်လွယ်ကူနိင်ပါတယ်။ ဒါပေမယ့် ဒီထဲက post တွေကိုဖတ်ပြီး သိပ္ပံသီအိုရီတွေကို ရှုထောင့်နောက်တစ်မျိုးကနေ မြင်နိုင်မယ်လို့မျှော်လင့်ပါတယ်။ သီအိုရီဆွေးနွေးချက်တွေကို မှန်ကန်တိကျအောင် ကြိုးစားထားပေမယ့် အချိန်အရ အတိုချုံ့ရသလို ကျွန်တော်ကိုယ်တိုင်လဲ လေ့လာနေဆဲဖြစ်တာကြောင့် လွဲချော်တာရှိခဲ့ရင် ဆွေးနွေး၊ ဝေဖန်၊ အကြံပြုပေးဖို့ဖိတ်ခေါ်ပါတယ်။
သိပ္ပံနဲ့သင်္ချာပညာကို ထိတွေ့ရင်းနှီးဖူးတယ်ဆိုရင် ဒီ blog ကိုဖတ်ဖို့ ပိုပြီးလွယ်ကူနိုင်မှာပါ။ ဒီထဲက post တွေက သင့်နားလည်မှုနဲ့ စိတ်ဝင်စားမှုကို အထောက်အပံ့ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ Post တွေကို အစက စဖတ်လို့လည်းရသလို လိုအပ်တဲ့အပိုင်းတွေကိုလဲ ရွေးဖတ်နိုင်ပါတယ်။ ဒါပေမယ့် post ထဲက ညွှန်းဆိုချက်တွေကို မရှင်းလင်းရင်တော့ အခြေခံကျတဲ့အပိုင်းတွေကို ပြန်လည်လေ့လာဖို့ အကြံပြုလိုပါတယ်။ အပေါ်ကပြောထားသလိုပဲ သီအိုရီတွေကို ဆက်စပ်ကြည့်ခြင်းက အများကြီးအထောက်အကူပြုနိုင်ပါတယ်။ နောက်တစ်ချက်က သီအိုရီတွေကို သဘောတရားအနေနဲ့သာ မလေ့လာပဲ သင်္ချာအရ ဆက်နွယ်ချက်တွေကိုပါ လေ့လာပြီး သီအိုရီကပြဆိုတဲ့ ညီမျှခြင်းတွေရဲ့ အကျိုးဆက်တွေကိုပါ ဆန်းစစ်စေလိုပါတယ်။ သို့မှသာ သိပ္ပံနဲ့သင်္ချာရဲ့ ဆက်နွယ်ချက်တွေကို ပိုပြီးနားလည်နိုင်မှာဖြစ်ပါတယ်။ သင်္ချာက သင်လေ့လာနေတဲ့သီအိုရီတွေကို အသေးစိတ်နားလည်နိုင်ဖို့နဲ့ အသုံးချနိုင်ဖို့ ထောက်ပံ့ကူညီပေးတဲ့ သင့်ရဲ့မိတ်ဆွေဖြစ်ပါတယ်။
သိပ္ပံကို စိတ်ဝင်စားတဲ့အတွက် ကြိုဆိုပါတယ်။ ဒီစာကိုဖတ်နေပြီဆိုရင် သင်ဟာသိပ္ပံပညာကို စတင်လေ့လာနေပြီဆိုတာ သေချာပါတယ်။ ဒီ blog ကနေ သင့်အတွက် လိုအပ်တဲ့အခြေခံတွေကို ညွှန်ပြပြီး သင့်စိတ်ဝင်စားမှုကို မြှင့်တင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ သင့်အတွက် လိုအပ်မယ်ထင်တဲ့ အကြံဉာဏ်တစ်ချို့ကိုလည်း ပြောခွင့်ပြုပါ။ သိပ္ပံကို ကိုယ်တိုင်လေ့လာတဲ့လမ်းခရီးမှာ အထစ်အငေါ့တွေလည်း တွေ့နိုင်တယ်ဆိုတာ ကြိုပြောထားချင်ပါတယ်။ သိပ္ပံသီအိုရီတွေဟာ ရာစုနှစ်သုံးခုကျော်လောက် ရှာဖွေဖော်ထုတ်ထားတာဖြစ်တဲ့အပြင် သဘာဝတရားရဲ့ နက်နဲမှုတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် အကုန်လုံးကို အချိန်တိုအတွင်းလေ့လာဖို့ မဖြစ်နိုင်ပါဘူး။ အခက်အခဲကြုံရင် ဒီလိုဖြစ်တာ သင်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သတိရပါ။ ဒါကြောင့် လုံးဝအားမလျှော့ပါနဲ့။
သင်လေ့လာနေရင်းနဲ့ ရောထွေ:၊ ရှုပ်ထွေးမှုတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်တာ ပုံမှန်ဖြစ်ပြီး ကောင်းတဲ့လက္ခဏာတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ သီအိုရီတစ်ခုကို အပေါ်ယံလေ့လာတဲ့သူတွေဟာ သူတို့ကိုယ်သူတို့ ယုံကြည်ချက်အလွန်မြင့်မားကြပြီး နက်နက်နဲနဲလေ့လာတဲ့သူတွေသာ ရှုပ်ထွေးကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် သီအိုရီတစ်ခုကို သေချာနားလည်သွားရင် သူ့ရဲ့နောက်ဆက်တွဲသီအိုရီတွေအတွက် အခြေခံခိုင်မာသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အစပိုင်းမှာ ရှုပ်ထွေးတာတွေက နောက်ပိုင်းကျရင် အကျိုးပြုလာမှာဖြစ်ပါတယ်။ အစပိုင်းမှာ ကွင်းဆက်မမိရင်လည်း သိပ်စိတ်မပူပါနဲ့။ ဆက်ပြီးလေ့လာပါ။
သင်္ချာ
သင်္ချာကလည်း သိပ္ပံအတွက်အရေးပါတဲ့ ပညာရပ်တစ်ခုပဲဖြစ်ပါတယ်။ သင်္ချာသာမပါရင် သိပ္ပံသီအိုရီတွေက တွေးဆချက်တွေသက်သက်သာဖြစ်ပြီး ခန့်မှန်းချက်တွေလည်း ထုတ်ပေးနိုင်မှာမဟုတ်ပါဘူး။ သင့်ရဲ့ ပညာရေးနောက်ခံပေါ်မူတည်ပြီး သင်္ချာကို ချစ်/ကြောက်/မုန်း တာဖြစ်နိုင်ပါတယ်။ ဒါကလည်း တစ်ကမ္ဘာလုံးဖြစ်နေတဲ့ ကိစ္စပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုသိသင့်တာက သင်္ချာက သင်လေ့လာနေတဲ့သီအိုရီတွေကို အသေးစိတ်နားလည်နိုင်ဖို့နဲ့ အသုံးချနိုင်ဖို့ ထောက်ပံ့ကူညီပေးတဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။ အခုလောလောဆယ် သင်္ချာညီမျှခြင်းတွေရဲ့ ဆိုလိုချက်ကို နားမလည်ရင်တောင်မှ တဖြည်းဖြည်းသင်ယူသွားရင် သင်္ချာရဲ့အလုပ်လုပ်ပုံနဲ့ အသုံးဝင်ပုံကို သိရှိလာမှာဖြစ်ပါတယ်။ ဒီလိုသိလာရင် သင်္ချာက သင့်အတွက် အဟန့်အတားမဟုတ်ပဲ သင့်ရဲ့မိတ်ဆွေဖြစ်တယ်ဆိုတာကို နားလည်လာပါလိမ့်မယ်။ သင်္ချာပညာရပ်မှာ ကိန်းဂဏန်းတွေနဲ့ တီထွင်ထားတဲ့ဥပဒေတွေပဲ ရှိတာမဟုတ်ပဲ တိကျတဲ့တွေးခေါ်မှုပုံစံတွေနဲ့ ဖွဲ့စည်းထားတာကြောင့် သိပ္ပံသီအိုရီအသစ်တွေဖော်ထုတ်ဖို့လည်း အရေးပါပါတယ်။ နောက်ပြီး သင်္ချာရော သိပ္ပံမှာပါ ယေဘုယျပြုခြင်း (generalization) နဲ့ ဒြပ်မဲ့အယူအဆ (abstraction) တို့ပါဝင်တဲ့အတွက် အတွေးအခေါ်ပိုင်းမှာ ဆင်တူတာကိုလည်း တွေ့နိုင်ပါလိမ့်မယ်။
မေးခွန်းတွေ၊ အကြံပြုချက်တွေကို အောက်က comment box မှာရေးထားခဲ့နိုင်ပါတယ်။ ဒါမှမဟုတ် ဒီနေရာမှာလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Have fun learning and stay curious!
Leave a Reply